Saturday, February 2, 2013

"......နားလည်စေချင်သော အရာများ"

ညလားဆိုတော့ ညထင်ရဲ့ အမှောင်ကိုအားနာနာ ချပေးခဲ့တော့ ကိုယ့်ကိုကိုယ်
ခုခံအားကောင်းကြောင်းမပြလိုက်ဘဲ အမြဲချစ်တဲ့အကြောင်းပြဖို့  
ရူးသွပ်ခြင်းတွေကို မျိုချထားရတဲ့သူအတွက် ဘယ်တော့မှလာမထိုင်ခဲ့တဲ့
နေရာတစ်ခုဟာ ကွက်လပ်စစ်ပါကြောင်း မှန်ထဲမှာ ပြန်အော်လိုက်ရတယ် စိတ်အာရုံ
မှာထင်သွားတဲ့ အက်ကြောင်းတစ်ကြောင်းဆိုတာ ဖယောင်းလောင်းရုံနဲ့ ပြန်ကောင်း
မလာမဲ့အတူတူ မခူးဆွတ်မှန်းသိပေမယ့် ရဲရဲရင့်ရင့် သီးပွင့်ပေးခဲ့သလို ဒီလိုပဲ
လူဆိုတဲ့သတ္တဝါဟာ အသက်အ၇ွယ်တခုမှာ သိပ်ချစ်တတ်လာကြတယ်ထင်ရဲ့
အချစ်နွံဆိုတာ ဘယ်ခြေမှာ ကျွံဝင်ပြမယ်ဆိုတဲ့ ထုတ်ပြန်ချက်မရှိကြောင်း
ဆေးလိပ်တစ်လိပ်ကုန်သွားတိုင်း ပြာတချို့ပဲကျန်ခဲ့မယ်ဆိုရင် ငါ့ကိုယ်ငါ
သနားမိကြောင်း ကိုယ့်ဆေးနဲ့ကို  သူများအကြောင်း ရင်ဘတ်မှာတက်တူးထိုးခဲ့ရတယ်
နေ့က နေ့စစ်ကြောင်းပြဖို့ အလင်းတွေထမ်းတင်ရင်း ညက ညစစ်ကြောင်းပြဖို့
အမှောင်ကိုထမ်းတင်ဖို့မေ့လျော့ခဲ့တော့  ဒီဆောင်းဝင်တာ စောလွန်းတယ်ဆိုရမလား
ခံစားချက်တွေအေးခဲတယ် မဆိုချင်တော့ဘူး သူမရဲ့ခံစားချက်တွေက
တနေ့ရွှေတနေ့ငွေမို့ ကျွန်တော်လူ့အ၇ိပ်အကဲ သင်ယူရမယ် စာလုံးတွေဝေဝါးနေတော့
မျက်လုံးကို သူမအပြုံးတွေနဲ့ဆေးဖို့လိုတယ် နဖူးစာမင်ရည်ဖြည့်ဖို့လိုတယ်
သူမကိုမချစ်တော့ဘူးလို့ ရေရွတ်မိတဲ့နေ့ဟာ မုသာဝါဒကံကို ကျွန်တော်ကျူးလွန်မိတာ
အသေချာဆုံးနေ့ပဲ ကမ်းမကပ်နိုင်တော့လည်း စုန်ချည်ဆန်ချည်ကူးနေ၇တယ်
နှစ်တနှစ်ကို ခလုတ်တိုက်မိတော့ ကျွန်တော်ရဲ့သမိုင်းဝင်ပြတိုက်လေးက လူခြေတိတ်လို့
တံခါးမရှိ ဓါးမရှိ ဝင်ထွက်ချင်ပေမယ့် သူမကကျွန်တော့်အတွက် တံခါးပိတ်မြဲ
မှိတ်ထားလည်းမြင်နေရမယ့်အတူတူ ညတွေကို မျက်စိကြောင်ပစ်လိုက်တော့
ခံစားချက်တွေက ကီးဘုတ်ပေါ်မှာ တရှပ်ရှပ်ပြေးလွှားလို့ မျက်ရည်လွယ်နေသေးရင်
ဘာမှလွယ်မပစ်ဖို့ ကျွန်တော်ဆုံးမလိုက်တယ် ခေတ်ပေါ်သဘောတရားတခုအရ
ဆန္ဒဖော်ထုတ်ဖို့ အကြိမ်ကြိမ် ကြိုးစားပြမိရင်း မှီဝဲစားသုံးနေရတဲ့ခံစားချက်ကို
တံဆိပ်ဖတ်ကြည့်တော့ နှလုံးသားအာဟာရတဲ့ နောက်ဆုံးပဲဆိုတဲ့ဆုံးဖြတ်ချက်ထဲမှာ
နောက်ဆုံးက ထွက်ပြေးနေပြန်ပြီမို့  အကြိုက်ခြင်းမတူပေမယ့် ပြုံးပေးမိရင်း
ကျိန်စာသင့်နေကြောင်း မီးမောင်းထိုးပြဖို့ အလင်းတစ်ချို့ အသင့်ရှိနေမှန်းသိရင်
အမှောင်ထဲကိုတိုးဝင်ဖို့ စိုးရွံ့ပစ်ဖို့ကောင်းမှန်းသိရဲ့  ညောင်စေ့ချသွားတတ်မှန်း
သိပေမယ့် သစ်ပင်ကြီးက ဘယ်တော့မှ ငှက်ကလေးကိုမောင်းမထုတ်ဘူးကွယ်
လေးညှို့မဆွဲရဲတော့တဲ့ မုဆိုးလုပ်ရမယ့်အတူတူ သူမရဲ့ဥပေက္ခာထဲမှာ ရဲရဲဝင့်ဝင့်ဘဲ
တရားထိုင်ပစ်လိုက်ဖို့ကောင်းတယ်  သတိရတယ်ဆိုတဲ့အသံလေးကြားရမလားလို့  
ကျွန်တော့်စိတ်ကို  အင်တာနက်ပေါ်တင်ပေးထားရတုန်း။ဖြစ်နိုင်သလောက်ပဲ
နှုတ်ဆက်ပေးလည်းရပါတယ်။

No comments :