Thursday, January 3, 2013

လူတွေပြောသလို အချစ်ဆိုတော့လည်းအချစ်ပေါ့

ကံကြမ္မာကို ခြေရာခံရင်း
ရွက်ကြွေတွေနဲ့ ပျော်ခဲ့ဖူးတယ်
မိုးစက်တွေနဲ့ ကခုန်ဖူးတယ်
နှင်းပွင့်တွေကို နမ်းရှိုက်ဖူးတယ်
မင်းထင်သလို
စိတ္တဇဆိုတော့လည်း............. စိတ္တဇပေါ့။

တဖက်သတ်ထဲမှာ ညှပ်နေတဲ့
လှုပ်လေမြုပ်လေ ငါ့အချစ်တွေလေ
အတွေးတိုင်း ရေချိန်လွန်နေသရွေ့
ငါက စနက်တံဖြုတ်ထားတဲ့ဗုံးတစ်လုံးပဲ
ခလုပ်နှိပ်စရာမလို
တွန်းဖွင့်စရာမလို
ချစ်လား မေးစရာမလို
မလိုတာတွေ ခွာချလိုက်တဲ့အဆုံး
"မင်း" ဆိုတဲ့စကားတစ်လုံးပဲ ငါ့အတွက်လိုရော
ချစ်တယ်ပြောတိုင်းလည်း ပစ်ထားသွားရဲ့
ဒီမှာလေ
ခပ်ဆတ်ဆတ်လေးတောင် လွမ်းမပြရဲတော့ဘူး။

မှိတ်ထားဆဲပါ
အိမ်မက်အလွန် မနက်ခင်းတိုင်း
ယနေ့အလွန် မနက်ဖြန်တိုင်း
ကံကြမ္မာအလွန်ထိတိုင် ငါလွန်ဆန်ပစ်ချင်တုန်း
မျှော်လင့်ချက်တွေကတော့
တဝုန်းဝုန်းနဲ့ပေါ့ကွယ်
လေထဲမှာ ကြေကွဲတယ်ဆိုတော့
လူအများအတွက်
ဟာသဆိုတော့လည်း................. ဟာသပေါ့။

ကန္တာရလို ရင်ဖွင့်စောင့်ခဲ့သူပါ
နေပူဆာ ဝဝလှုံခွင့်မရသရွေ့
မတော်တဆမှုတွေနဲ့ အကြိမ်ကြိမ်
ခလုတ်တိုက်လဲကျတိုင်း
မျှော်လင့်ချက်ထဲမှာ မင်းကိုပဲအချိန်တိုင်းကြဲချနေတုန်း
မင်းမ"ပြုံး"မှာ ကြောက်တာတခုကတော့
ငါ့ရဲ့ အဓိကအားနည်းချက်ပေါ့ကွယ်။

ထုံဆေးနဲ့  အထိုးခံရတယ်
မေ့ဆေးနဲ့ အပက်ခံရတယ်
နာဖျားနေတဲ့ ၂၁ရာစုအချစ်တွေကို
တစ်ကိုယ်စာ အာဒံခေတ်ထဲသွပ်သွင်းလိုက်ရတယ်
မင်းပြောသလို
ခဏဆိုတော့လည်း................. ခဏပေါ့။

နေကောင်းလား ထမင်းစားပြီးပြီလားထဲမှာ
အိမ်မက်တွေ လက်ထိုးမအန်ရဲသရွေ့
မင်းခန္ဓာကိုယ်ပေါ်မှာ ငါ့အတွက်အောက်ဆီဂျင်ရှိသရွေ့
ထင်းခွေမကြုံတော့လည်း ရေခပ်ချိန်စောင့်ရမပေါ့
ကျောချင်းကပ်တောင် ဝေးခွင့်မရသူလေ
ခြေရာခံလို့မရမယ့်အတူတူ
ကံကြမ္မာကို အချစ်နဲ့ထိုင်မျှားပစ်ခဲ့ရတယ်
ငါပြောသလို
အိမ်မက်ဆိုတော့လည်း ...........အိမ်မက်ပေါ့။

မျက်နှာသစ်ချိန် ကြောက်ရုံသက်သက်
တညလုံးအိမ်မက် မက်လိုက်မှ
တနေ့လုံး မင်းကိုမြင်ခွင့်ရတယ်
အခွင့်ပေးသရွေ့
မင်းမျက်လုံးထဲကို ကြယ်လေးတွေကောက်ထည့်နေချင်ရဲ့
မင်းနှလုံးသားထဲကို ပျော်ရွှင်မှုလေးတွေကောက်ထည့်နေချင်ရဲ့
ဒီလိုနဲ့ ငါ့မနက်တွေအသက်ဆက်နေခဲ့တယ်
ခင်ဗျားတို့ပြောသလို
အချစ်ဆိုတော့လည်း အချစ်ပေါ့...............................။
~~~~~~~~(ဦးသီ)~~~~~~~~~~~~~~~~~~~~~~~~~~~