Saturday, February 2, 2013

"ကန်ထုတ်မိသောအကြောင်းအရာများ (၈)"

ပိတ်ထားတဲ့ကိုယ့်မျက်လုံးမှာ
မနက်ခင်းတွေ ပျောက်ရှ
ကျကွဲသွားတဲ့စိတ်တွေ
ကြမ်းခင်းမှာ
နံရံမှာ
အတွေးမှာ။

မဖောက်နိုင်တော့မဲ့အတူတူ
ကိုယ်တစ်စောင်းနဲ့ပစ်တိုက်လိုက်ခြင်းဟာ အရသာတမျိုး
မနက်ဖြန်ဆိုတာလည်း အရူးထခြင်းတမျိုးပဲ
နှင်းဆိုရင်တော့ ဆောင်းကိုပဲသစ္စာခံကြည့်ပါ
ပြောသူနဲ့နားထောင်သူကြားမှာ
အချစ်က အဖိတ်အစဉ်များတတ်ကြောင်း။

အတ္တတွေ ခေါင်းမြီးခြုံမိခဲ့ရင်
ခဏ ငြိမ်ငြိမ်လေးထိုင်ကြည့်
နှလုံးသားဆိုတာ ဓါတ်ခဲ
ကုန်သွားရင် အားပြန်ဖြည့်ရမယ်
ဗျာ..................
နားလည်မှုတွေ ကျသင့်ငွေမများလွန်းဘူးလား
သတိထားပေါ့ဗျာ
ကိုယ့်ရင်ဘတ်ကို ပြန်ဆွဲမခွာပါနဲ့။

မမြင်ရတဲ့ငါ့စိတ်ကို
ထိုးထိုးပြီး အပြစ်တင်ရင်တော့
မင်းဘက်က အပြစ်မရှိဘူးပေါ့
ရဲရဲသာ ထိုးချိန်လိုက်ပါ
မင်းစိတ်ကို မညာပါနဲ့
အညှီအဟောက်ကြိုက်တဲ့ငါက
ယင်ကောင်သာသာ။

စွန်ကလေးပြတ်သွားပြီ
ရစ်လုံးဆီပြန်မရောက်တော့ဘူး
လေထဲမှာ
မျော
လွင့်။

No comments :