Monday, January 6, 2014

"ငါ့အသက်ကို ကဗျာနဲ့ထုပ်တဲ့အခါ"

ငါ့အသက်
အစိတ်-သုံးဆယ်နဲ့
ဘာမှ ဝယ်လို့မရအောင်
လောက,က ကျယ်သွားပြီ။

ခပ်တည်တည်ပဲ
ရင်ထဲက ဇလီဖာတုံးတွေ
ပြုတ်-ပြတ်-ထွက်အောင်
ခုနှစ်တွေ တဝေါဝေါနဲ့ တက်ကြိတ်သွားတော့
အရေပြားက အယားပြေတယ်။

ဘာမှတော့မဟုတ်ဘူး
ပြန်ကြည့်ရင်............
"တဘဝလုံးစာ တနာရီခွဲ"
လိုတာတွေဖြည့်တင်းထားနိုင်မှ
လိုရင်းရောက်မယ်။

သတ္တဝါတွေ
လူချွတ်မှကျွတ်တယ်
လွန်ခဲ့သောဆယ်ငါးနှစ်
အခု
လူတွေကို လူကချွတ်ကြပုံများ
ဗုံးတလုံး=လူဆယ့်ငါးယောက်။

မေတ္တာတရားတွေ
ဖွေးဖွေးလှုပ်ပြတာထက်
 ဖြူဖြူစင်စင်ပဲလိုတယ်
ဒီလိုနဲ့ ရှေ့ဆက်လျှောက်
"လမ်းလျှောက်ခြင်းက လူရယ်လို့ဖြစ်တည်လာစေတယ်"။

မျက်နှာမူရာ
ခေတ်ပေါ်.............
ခေတ်ပေါ်...........
ခေတ်ပေါ်.........နဲ့
အဲ့ဒီခေတ်ကို "ပေါ်"ပေးစမ်းပါ
မြည်းစမ်းကြည့်ချင်လို့။

တကယ်တော့လည်း
သက္ကရာဇ်တွေကချည်း
အပေါ်စီးက အပြီးဆော်နေကြတာပါ
ဟောတနှစ်.........ဟောတနှစ်။

ဒီလိုနဲ့ လူဖြစ်လာတယ်
အသက်က ပေမှီဒေါက်မှီ
ကွာလတီပဲ လိုရင်လိုမယ်
"သား ကြီးလာရင်ဘာလုပ်မှာလဲ?"
အကုသိုလ်ကြီးလုပ်မယ်လို့ မဖြေခဲ့မိပါဘူး။

(ဦးသီ)