Saturday, February 2, 2013

".......ကျွန်တော့်အတွက်အနှိုင်းမဲ့........"

မေတ္တာနဲ့ရေးတဲ့  ဆေးသားမို့
ရင်ထဲမှာ သိပ်ထင်ရှားနေတယ်
ဘဝတစ်ခု  ဖြစ်တည်ရန်အတွက်
ဘဝတစ်ခု ထပ်ရင်းဖို့ဆိုတာ
အနန္တ ဆန်လွန်းပါရဲ့
ရပ်တည်မှုတွေ လွဲမှားသွားတိုင်း
သင့်လျော်ရာစကားစုနဲ့ တည့်မတ်ပေးတတ်သူ
မတူပါဘူးအမေ.......။

ကြမ်းတမ်းမှုတွေ အကုန်လုံး
တိုက်စားသွားနိုင်တဲ့ ဂန္တဝင်တေးတပုဒ်ပါ
အလျားရှည်တဲ့ ဆူးခင်းလမ်းတွေမှာ
မေတ္တာပန်းတွေ ခင်းပေးထားနိုင်သူ
မသီကုံးနိုင်ပါဘူး
မဆုံးနိုင်တဲ့ အေးချမ်းတဲ့မေတ္တာတွေက
စကားလုံးတွေ အနှိုင်းမဲ့ပါတယ်
မတူပါဘူးအမေ........။

အပြစ်တွေ အကုန်လုံးအတွက်
နားလည်မှုတွေ အပေးနိုင်ဆုံး
ခိုလှုံခွင့်တွေ အပေးနိုင်ဆုံး
ကျွန်တော့်အတွက် ကမ္ဘာအကျော်ဆုံး
အပြုံးတစ်ပွင့်ပါ
မတူပါဘူးအမေ.......။

နှိုင်းယှဉ်မယ်ကြံမိတိုင်း
စကားလုံးတွေက သေးဖွဲသိမ်နုပ်
အရာအားလုံးက နောက်ဆုတ်ပေးရပါတယ်
ကျွန်တော့်ကမ္ဘာအတွက် အမြင့်မြတ်ဆုံး
လမင်းတစ်စင်းပါ
မတူပါဘူးအမေ.........။

လောကဓံရဲ့ နယ်နှင်ဒဏ်ပဲလား
လူသားဆန်ဆန်
ကျွန်တော်လည်း ခံနေရပါရဲ့
ကမ္ဘာတခြမ်းစီ အလှမ်းဝေးပေမဲ့
ရွက်ဆုတ်ပြက္ခဒိန်ထဲမှာ
မေတ္တာတရားတွေ အမြဲထည့်ပေးထားနိုင်သူ
မတူပါဘူးအမေ.........။

တကယ်တော့
လူသားတွေရဲ့ဖြစ်တည်ချက်ဆိုတာ
အမေတွေရဲ့လက်ထဲမှာပဲ...............။
(အမေသီချင်းလင့်ကိုပါ ထည့်သွင်းထားပါသည်။အဆင်ပြေပါက နားထောင်မိလျှင် ပိုပြီးအသက်ဝင်ပါသည်ခင်ဗျာ)

No comments :