Saturday, February 2, 2013

"သူမနဲ့ကျုပ်"

စိတ်တွေ လွင့်မျောနေပုံများ
ကောင်းကင်က တိမ်ဖြူတစ်အုပ်လို
ကြည့်နေဆဲဇာတ်လမ်းမို့ စိတ်အာရုံထဲ
အရုပ်နဲ့အသံ ကြည်ကြည်လင်လင်ပြန်လွှင့်လို့။

ကျုပ်အချစ်တွေကလည်း
သံသယတွေ ဝေးကွာခြင်းတွေကြား
လှလှပပ တိုက်ခတ်သတ်ပုတ်နေပုံများ
တရုတ်ကားထဲက သိုင်းကားလို။

သံသယစစ်ရင်တော့
အချိန်အနည်းငယ်နဲ့ ပြုတ်ကျမသွားနိုင်တဲ့
ပျားရည်စစ်တစ်စက်လိုပဲထင်ရဲ့။

နှလုံးသားရေ
မင်းသခင်မအပါးမှာ အမုန်းလှိုင်းဝင်နေတယ်
သံယောဇဉ်နဲ့ တုပ်နှောင်ပေးပါအုံးကွယ်။

အချစ်တွေ ခါးကုန်သတဲ့လား
capsule လေးနဲ့အုပ်ထားခဲ့
သူမအမုန်းတွေ ခုတ်ထစ်ပစ်ဖို့လည်း
ကျုပ်ရင်ခုန်သံတွေ တမြမြထက်နေဆဲ။

မျက်စောင်းတချက်ရဲ့ ရိုက်ချက်ပဲ
ရှိရှိသမျှ အသိစိတ်တွေကပါ
သူမခြေရင်းမှာ တဖြုတ်ဖြုတ်ကြွေကျ
သူမရနံ့တွေကလည်း အချိန်တိုင်းမှာသင်းပျံ့လို့။
သူမသံသယတွေကလည်း လေထိတိုင်းကိုပွားလို့။

ရှိခြင်းထဲက မရှိခြင်း
မရှိခြင်းထဲက မသိခြင်း
ကံကြမ္မာက ဘယ်လိုပဲဇာတ်လမ်းခင်းခင်း
သူမကို ပြဌာန်းချက်အသစ်နဲ့
ကျုပ်ကတော့.....ချစ်တယ်။

ဒီလိုနဲ့ပဲ သူမက
ချစ်ဟယ် မုန်းဟယ်....။
ဒီလိုနဲ့ပဲ ကျုပ်ကလည်း
ချစ်တယ် ချစ်တယ်......။

No comments :