သွေးတိုးမစမ်းရဲခဲ့ပါဘူးမီးငယ်
မင်းရဲ့
"blood pressure"
အတက်အကျ ကြမ်းမှန်းငါသိလို့ပါ။
ရဲရင့်စွာဆိုတဲ့ အဓိပါယ်ကိုဖော်ဖို့ကြိုးစားရင်း
"ခပ်မွမွလေး"ကြေကွဲလိုက်ရရင်လည်း
အဲ့ဒီအခိုက်အတန့်လေးက အဖိုးမဖြတ်နိုင်ဘူးမို့လား။
"စံ"ရဲဖို့ထက်စာရင် "စွန့်"ရဲဖို့က
ပိုတန်ဖိုးရှိလေမလား?
မင်းမသိနိုင်တဲ့လောကဓံတွေက
ငါ့သွေးထဲမှာ လှည့်ပတ်စီးဆင်းနေတယ်မီးငယ်။
ရင်တချက်ခုန်မိလေတိုင်း
သက်ပြင်းတချက်ထုတ်ရတယ်ဆိုတာ
ငါ့အတွက် "သဘာဝဟာသ"တစ်ပုဒ်လိုပါပဲ
ဒါပေမယ့် မရယ်(ရီ)ရဘူးမီးငယ်။
နှလုံးသားတစ်ခုကို တိုင်းတာဖို့
စကြာဝဠာကို တံတိုင်းခတ်ဖို့ကြိုးစားခဲ့သူဆိုတာ
စစ်ပွဲကြီးတစ်ပွဲစာလောက်
ရင်ကို(မြေ)ကတုတ်လုပ်ရသူတွေပါ။
မရောက်နိုင်သေးတဲ့ နှုတ်ခမ်းတစ်ခုဆီကိုပေါ့
မှန်းကြည့်ကြည်နူးဖို့အတွက်
"ဝင်ရိုးစွန်းတခေါက်ကို စပါးတထောက်စာလောက်"ပဲ
ငါ သဘောထားဆဲပါမီးငယ်ရယ်။
ငါ့သွေးထဲက အချစ်စိတ်တွေ
အစွန်းထွက် လာလေတိုင်း
ငါ့သမိုင်းကို ငါ့ဘာသာပြန်ရိုင်းရင်း
"အကွာအဝေးတိုင်းကို နှလုံးသားနဲ့ပဲ
တိုင်း(တာ)နေအုံးမှာပါမီးငယ်"။
ကြည့်လေရာတိုင်းဟာပြဿဒါးပဲ
ငါမော့ကြည့်တဲ့ တိမ်တွေတိုင်းမှာလည်း
"မုန်တိုင်း"အရိပ်တွေကို တွေ့တယ်မီးငယ်
မရနိုင်မှန်းသိပေမယ့်
ကံကြမ္မာရှေ့က ငါ့လက်တစ်စုံကို
ပြန်ရုပ်သိမ်းဖို့ ငါ"မေ့လျော့"နေတုန်းပဲ။