Saturday, February 2, 2013

"တချိန်က ရူးသွပ်မှု"

ချစ်သူ
မပိုင်ဆိုင်နိုင်ခဲ့ရဘူး
မင်းရဲ့သမရိုးကျ ရယ်သံတချို့ကလွဲလို့။
တစ်စုံတစ်ခုရဲ့ ခိုင်းစေမှုအောက်မှာ
ရင်ခုန်မှုတွေအထားအသိုမှန်ရွေးရင်း
ရင်းနှီးမှုတွေ အချိုအုပ်လို့
မင်းကို ရယူလိုဇောတွေနဲ့
ရင်ဘတ်တွေ ပက်ကြားအက်ခဲ့မိတယ်။

ချစ်သူ
နှစ်ခါထပ်သွားတဲ့ တနင်္လာနေ့ဆိုတာ
အချစ်တစ်ခုကို ကားစင်တင်
သံယောဇဉ်တွေကို သင်္ဂြုလ်ဖို့
လုံလောက်တဲ့ ခွန်အားတခုဖြစ်ခဲ့မှန်း
မျှော်လင့်မထားတဲ့ နောက်ကျမှုက
ရှုံးနိမ့်မှုသရဖူ   ငါ့ကိုအပ်ခဲ့ပြန်တယ်။

ချစ်သူ
ထိလိုက်တာနဲ့ ထပေါက်ကွဲမိအောင်
ကြေကွဲမှုတွေ အရေပြားတင်းလို့
မနက်ခင်းတိုင်းကို ဒေါသတွေလိုက်ဖုံးရတဲ့လူ
ပိုင်ဆိုင်တဲ့မီးခြစ်(အတွေးအခေါ်မွေးမြုရေးအထောက်အကူပစ္စည်း)တစ်လုံးတောင်
တခါတရံ ကာရန်မမှန်ချင်တော့ပါဘူး။

ချစ်သူ
ပစ္စုပန်နဲ့ အတိတ်ရဲ့ကြား
အဖြစ်မှန်နဲ့ တမ်းတမှုတွေရဲ့တိုက်ပွဲ
တချိန်က ရင်ခုန်သံတွေက
သတိရမိတိုင်းမှာ ဖွာလန်ကြဲလို့
အချိန်အခါမမှန်တော့ပါဘူးကွယ်
တခါတရံ တိုက်ပွဲသံတွေဆက်တိုက်ကြားတယ်။

No comments :