Tuesday, December 11, 2012

" စိတ်၌ ခန္ဓာကိုယ်ရေတိမ်နစ်ခြင်း "

အင်တာနက်မှာ ချစ်ရတာလည်း
အပြင်မှာ ဖဲရှုံးသလိုပဲ
မနည်း ပြုံးထားရတယ်။

မနက်စာထဲမှာများ
ဝိရောဓိတွေ မြိုချမိခဲ့သလား
တနေ့ခင်းလုံး ခံစားမှုတွေ
ဇက်ကြောတက်နေခဲ့တော့
စိတ်နာနာနဲ့ သံယောဇဉ်တခွက်ကို
ညစာ  ချက်ပစ်လိုက်ရရော။

မနက်ဖြန်ဆိုတာ ပဟေဠိလို့ပဲအောက်မေ့ပါတယ်
ဘယ်လိုမှ အဖြေမညှိရဲရုံကလွဲလို့။

လက်ကျန်ပေါ်ကို မနက်ဖြန်တွေဆင့်ပေးရင်း
ခံစားမှုတွေ မူးမေ့သွားအောင်
သောက်ဖြစ်ခဲ့တဲ့ (အရက်တွေ)2။

စိတ်အာရုံတွေ အိပ်တန်းမဝင်ခင်
မှန်ထဲက  ကျူပ်ကို
လက်ညှိုးထိုး အပြစ်တင်လိုက်တော့
အပြင်က ကျူပ်က
အပြစ်မရှိတော့ဘူးပေါ့။

ဘာပဲဖြစ်ဖြစ်လေ
သွေးရောင်တော့နည်းနည်း ထပ်ဖြည့်ပေးပါကံကြမ္မာ
ခင်ဗျားစုတ်ချက်တွေ အရောင်ဖျော့နေတယ်။