Friday, October 24, 2014

" ၀ှက်မထားတဲ့ ပဟေဠိ "

ဖြေဆေးမရှိတော့လည်း 
ဖြေတွေးလေးနဲ့ပဲသက်သာရာရှာရ
ဒုက္ခဆိုတာ မင်းလက်ဖ၀ါးထဲက
ပျားရည်တစ်စက်ပါ

အရှည်ဆုံးကြိုးတစ်ချောင်းနဲ့
အဝေးဆုံးကို ပြေးထွက်လာမိသူ
အချိန်တန်တော့
မင်းမျက်ဝန်းချည်တိုင်ကိုပဲ ပြန်လာခဲ့ရ

ရောမမြို့လား
ကယ်လီယိုပါထရာလား
ဟင့်အင်
နူးညံ့သော နှုတ်ခမ်းအစုံနဲ့
နွေးထွေးသော ပင့်သက်ကလေးတစ်ရှိုက်
ကိုယ်က အဲ့လိုမျိုး ကမ်းမမြင်အောင်
မိုက်တက်တယ်

Saturday, October 18, 2014

ဆောင်းကတ္တီပါ မြီးတို

နားရွက်နားဆီကလား
လက်ဖျားဆီကလား
ကိုက်...........နေဘီ
ခဲ................နေဘီ
ဘာကျန်သေးလဲ
ဒဏ်ရာတွေနဲ့ ပလူးပလဲ
ဘာကျန်သေးလဲ
သတိရမှုတွေနဲ့ တရင်းတနှီး
ဒီပွဲက နောက်ဆုံး
ကဲ...........ပြုံးခန်းတွေ လာတော့မယ်
အဲ့ဒါ .......ပုံပြင်
အချိန်တန်ရင်
"ဂျို" ရှာမလား
"အမြီး" ရှာမလား
ဂျိုမရှိရင် အမြီးနှံ့ရတော့မယ်
သိပ်...........ကြောက်မနေနဲ့
ဒယ်ဒိုးထဲမှာ ဒုက္ခတွေ ပွက်ပွက်ဆူနေရုံကလေး
"ကျွန်တော် ရေကူးတတ်"
ဟိုး.........ဘက်မှာ သွားရပ်စောင့်
ကြည့်ထား.........
တခြားလူ ဘယ်လို"မီးကူး"ပြနေလဲဆိုတာ
ဒါ နှစ်ဆယ့်တစ်ရာစု
ဖြစ်နေတာချည်းမဟုတ်ဘူး
ပျက်နေတာလဲ လှစ်ခနဲ
(တကယ်)*4
ပြောတဲ့လူတွေ မကယ်နိုင်တော့ဘူး
အသက်ဆိုတဲ့ ကတ္တီပါဖိနပ်ကြီး
တဖြည်းဖြည်းနဲ့ အမြီးတိုလာဘီ.......... ။

Monday, July 21, 2014

"တွေ့မယ်တွေ့တော့ နှလုံးသားထဲမှာ"

တချိန်လုံး
အရိပ်ကိုကြည့်ပြီး အရောင်ကို ခွဲခြားဖို့
ရင်နဲ့ဆံ့သလောက် ခေါင်းခါလိုက်တယ်
ငါဆိုတဲ့ငါက
အဆိပ်ထက် အစွယ်ကို ပိုကြောက်သလား
အမုန်းထက် အချစ်ကို ပိုကြောက်သလား
ကမ္ဘာကြီး တပတ်ပြည့်သွားပြန်ပြီ
လည်နေတာတချိန်လုံး
ဘာရပြီလဲ
လက်ထဲက ဟာသလေးတခု
တဘဝလုံးစာ ရီနေနိုင်ဖို့
အစာအိမ်ထဲမှာ ခေါက်ထည့်ထားခဲ့တာ 
တကယ်က တဘဝလုံး
တချိန်လုံး အသံတွေလွှင့်ထုတ်နေကြတယ်
ဘယ်ကမ္ဘာကမှ ပြန်စာမလာဘူး
ရင်ဘတ်နှစ်ခု နီးစပ်မှုဆိုတာ
နားလည်မှုလေးပဲလိုရင် ပိုတာပြန်မအမ်းခိုင်းချင်တော့တဲ့အထိ
တကယ်တမ်းကျ
လူထူသလောက် နှလုံးသားကပါးတယ်
ဖွဖွလေး အုပ်မကိုင်သရွေ့
ကတ္တီပါရဲ့အရသာ မတွေ့သလို
လိုရင်းရောက်ဖို့ နောက်ပြန်လျှောက်မှ
အစကို အဆုံးနဲ့ထပ်လျက်သားတွေ့မယ်
နှလုံးသားကလည်း တချိန်လုံး အိပ်နေတယ်
တရေးမှ မရသေးဘူး
ရှာနေတာ ရှာနေတာ တကမ္ဘာလုံး
နှလုံးသားထဲကျမှ တွေ့တယ် ဆီနဲ့ဂွမ်း
စိတ်ဓါတ်တွေဂျွမ်းထိုးကုန်တဲ့အထိ
ခေါင်းငုံ့တိုင်း အရိုအသေပေးတယ်ထင်သလား
ဒါ........စတော်ဘယ်ရီကိုချစ်တာ။

(ဦးသီ)

Saturday, June 14, 2014

"ဆန္ဒ"

တစုံတရာကို
ထမ်းတင်ကြမဲ့ ခွန်အားတွေ
ဆေးလိပ်မီးခိုးလို လေထဲပျောက်ထွက်သွားပါစေ။
(ဆုတောင်းသံ)

ဘယ်(လှောင်)ရယ်သံတွေ
တာထွက်စောနေသလဲ?
ကားလိပ်အဖွင့်မှာ
ကိုယ့်နတ်ရုပ် စင်ပေါ်ရောက်ဖို့အရေး
ခေတ်ရေစီးကို ခိုက်ခိုက်တုန်သွားအောင်
ဒဏ်ရာတွေနဲ့ ဖြန်းပက်ကြမယ်။

ခြင်္သေ့လို ခုန်အုပ်ပြီး
ဆင်လိုနောက်ဆုတ်တတ်တဲ့
သမင်တကောင်ရဲ့ အလှ
တောနက်နက်မို့ ပိုကြွတယ်။

အမြင့်ပျံငှက်ပါ
အစာဟောင်းလို
စားပြီးစွန့်ရုံသက်သက်
တောင်ပံ ကိုက်ထုတ်ရက်သလား?

ကော်ဖီတခွက်လောက်မှ
အရသာ "မနက်"တာတွေ
အကြွင်းမဲ့ ပျောက်ရှသင့်နေပါပြီ။

ဦးသီ

"ဖြောင့်တန်းစွာ ကြွတ်ဆတ်ခြင်း"

ကြွတ်ဆတ်သွားတာပါ
ရင့်ကျက်သွားတယ်လို့ မဆိုလိုက်ပါနဲ့။

နေပဲ တိုက်တိုက်
လေပဲ ရိုက်ရိုက်
အလွမ်းကို ဖွာရှိုက်တတ်အောင်ပဲ
ဘဝက သင်တယ်ကွဲ့။

အမှန်ဆိုတော့လည်း
မျက်ဝန်းတငေးမှာ
မင်းအရိပ်လေးတွေ တဖြတ်ဖြတ်ပြေးသွားရုံ
ရင်ခုန်သက် ရင့်ခဲ့တာပါပဲ။

အေးကွာ................
ကိုယ့်နှလုံးသားအပေါ်မှာ
"ပွင့်ပွင့်လင်းလင်း ချစ်ပြီး
သိုသိုသိပ်သိပ် ကုတ်ဖဲ့ပေါ့"
ကိုယ်က အဲ့ဒီလိုကြွတ်ဆတ်သွားခဲ့မိပြီ။

(ဦးသီ)

"ကြီးကောင်ဝင်သော ဘဝ"

ပြင်းရှလွန်းတဲ့ ငယ်ဘဝတွေ
ရိပ်ခနဲ ကုန်လွန်ရင်း
ချစ်လှစွာခဲ့ဖူးသော အရာတွေ
အဖတ်လိုက် ကွာကျတော့
ဘဝက လူလားမြောက်လာတယ်။

ပြန်ဆုံရင်
ထမင်းလက်စုံစားမယ်
သံယောဇဉ်တွေ ထိခတ်မယ်
မေတ္တာတရားခြင်း လွန်းတင်မယ်ဆိုတိုင်း
သတိရကြောင်း အမှာစကားတွေက
ပြန်မဆုံသေးကြောင်း လက်ခမောင်းခတ်နေတယ်။

တချိန်လုံး
အနေဝေးခြင်းတွေ
သမန်းညက်အောင် ကြီးကောင်ဝင်နေတော့တာပဲ။

မပြောပါနဲ့အုံး
အကုသလော ဓမ္မော
မမောနိုင်သေးဘူး ဘဝရေ
အရာတိုင်းဟာ ပေါက်ကွဲလွယ်နေတုန်း။

ရွှင်လန်းချမ်းမြေ့ပါစေ.........တဲ့
ရိပ်ခနဲပြခဲ့တဲ့ လက်တွေ
ပုခုံးပေါ်က ဝန်အတွက်
ယဉ်ယဉ်လေးနဲ့ ပျောက်ဆုံးသွားခဲ့တယ်။

(ဦးသီ)

"ကန်ထုတ်မိသော အကြောင်းအရာများ (၁၀)"

အယူအဆ မတူတိုင်းသာ
ပစ်ကြကြေးဆို
ငါ့သေနတ်ကလေး
မီးခိုးတွေအူနေရော့မယ်။

"ရွှေပြည်တော် မျှော်လေတိုင်းဝေးပေါ့"
လူတိုင်းက
သွေးနဲ့သံနဲ့ အရွယ်
လူကြီးဆန်ခြင်းမှာ
မိုက်မဲစွာ ကြီးပြင်းလာသူရှိမယ်။

"ရုပ်ထွက်မကောင်းလည်း
စိတ်ထွက်ကောင်းပါကွယ်"
ဘာမှမလွယ်တဲ့ အခါ
စကားလုံးတွေ ပေါပေါပဲပဲ
လွယ်လိုက်ကြတာပေါ့။

ရေရောရင် မမူး
လူရောမှ မူးတဲ့
အသက်ငင် ဆက်သွယ်ရေး
မိုးထဲ လေထဲမို့
ပိုဇွဲကောင်းသတဲ့။

ဖိုးပွိုင့်ဖိုက် ဘီလီယံ
ကမ္ဘာကြီး
နားညည်းနေလောက်ပါပြီ။

ဘုန်းကြီးပွဲ
လုနေကြအတွေးနဲ့
စာအုပ်ရေးမယ်ဆိုသူ
ကမ္ဘာကြီးကို ကယ်တင်ဖို့အရေး
လိုင်းပေါ်က ဆင်းပြေးသွားတယ်။

တမြေတည်း တရေတည်း
တသွေးတည်း တသားတည်း
သွေးဘယ်နှစ်စက်
သားဘယ်နှစ်ယောက်
ပျောက်ဆုံးခဲ့ပြီလဲ။

အမေ့ဆီက နွားလေး
အိမ်နီးချင်းတွေ ဆွဲသွားဘီ
အမေ့ဆီက နားကပ်လေး
အနောက်ဘက်ဆီ ပြေးနေသတဲ့
ငါ့စကားနွားရ
ထိုးပြဖို့လက်ညှိုး
အိတ်ကပ်ထဲ ထိုးထားရတယ်။

ဆွဲသူ တစ်ဖက်
နှစ်သူ တစ်ဖက်
ဒီလက်တွေကြားမှာ
ရေကြည်သောက်သူများ
မအိပ်တဲ့ မြို့ပြဆီ
စီးဆင်းသွားကြပြီ။

တောရှင်း တောင်ရှင်း
လူရှင်းသွားတဲ့မြို့တွေ
မပြီးဆုံးခင်
ဗမာမမြင်စေချင်ဘူးတဲ့။

ကမ္ဘာကြီးက
မဟတဟ ရယ်တဲ့အခါ
အဆုပ်လိုက် အထွေးလိုက်
ငါတို့ပြန်ပေးဆပ်ရလိမ့်မယ်။

တကယ်တော့လည်း
ညှိတွယ်မှုတွေ
မထားတော့တဲ့အခါ
ဘယ်ရယ်သံကမှ
ငါ့စိတ်ကို မလှုပ်ခါနိုင်တော့ပါဘူး။

ဦးသီ