Saturday, February 2, 2013

"ဒီလမ်းကို ပြန်လျှောက်ရမယ် "

အရင်လိုမဟုတ်တော့ဘူး
အသက်ပြန်ဝင်လာတဲ့ ဒီလမ်းမှာ
ခြေလှမ်းတိုင်း စိတ်ကူးတွေနဲ့
မိုးကောင်းကင်လို ပြာလွင်လွင်အရောင်ခံစားမှု။

အေးစိမ့်မှုတွေ စီးဝင်နေတဲ့ဒီလမ်းထဲမှာ
ဘယ်ညာပြန် လမ်းသလားရင်း
လောကဓါတ်ရဲ့အနွေးဓာတ်ကို လက်ဖြန့်တောင်းခံခဲ့။

ဒီလမ်းက........
လူစိမ်းတွေကို မကြိုက်ဘူး
ဒီလမ်းက.......  
ပူလောင်မှုတွေကို မကြိုက်ဘူး
အဆုံးကို  လှမ်းမျှော်ကြည့်မိတော့
ငါနားမလည်နိုင်သေးတဲ့ ဆိုင်းဘုတ်ကိုပဲတွေ့တယ်။

ဘယ်နှစ်စောင်မြောက်မှန်းမသိတဲ့ မက်ဆေ့ခ်ျတွေ
မဖတ်ချင်တော့လည်း ဝင်လာတဲ့အသံတွေကိုပဲ
ပွေ့ဖက်နမ်းရှုံ့နေရသလို..............။

အရာတိုင်းမှာ သေးသေးတင်(_ံ)ခံပေးချင်ပါရဲ့
ဒီလမ်းမှာ လူမှုရေးတံတိုင်းကို  ဒီဇိုင်းဆွဲနေတုန်းမို့
မေတ္တာတရားကို အချိုးချမပစ်နဲ့
ငါ့အနာဂတ်တွေ မြှုခိုးအရိုက်ခံရမယ်။

ဒီလမ်းမှာ   ရပ်ရင်း
ဒီပုလင်းကို ငါမော့တယ်
ဒီတံဆိပ်ကို ငါမတွေ့ဘူး။
ငါက
"ကြောင်တစ်ကောင်ပါ"
"ကျားဆရာ"လို့ တံဆိပ်မကပ်ပါနဲ့။

ဒီလမ်းထဲက အသီးအပွင့်တွေက
အာဟာရတစ်ဝက် အဆိပ်တစ်ဝက်
အဝေးပြောဆိုပေမယ့်  အနီးလည်းကြားတယ်။
ဒီနေ့..........ငါရှိတယ်
နက်ဖြန်.........ငါရေးတဲ့ကဗျာရှိချင်မှရှိမယ်
ခံစားမှုတွေ စိတ်ကြိုက်ရေးချယ်
ဒီလမ်းကို ငါပြန်လျှောက်ရမယ်။

No comments :