Saturday, February 2, 2013

"လတ်တလောအနေအထား"

တကယ့်ဘဝ ပုံဖော်ကြမယ်ဆိုပြီး
အင်တိုက်အားတိုက် မီးတောက်ပြကြ
မီးခိုးနံ့တွေပဲ ငါရတယ်။
ဖြစ်ချင်တာက တိမ်
ဖြစ်နေတာက မြစ်
သဘာဝတရားရဲ့ လက်ဖဝါးအောက်မှာ
ငါလည်း ရက်စက်တတ်တယ်။
ဒီမှာ မိတ်ဆွေ
လူရုပ်နှစ်ရုပ် မတွေ့တိုင်း
ပျစ်ပျစ်နှစ်နှစ် ဆဲမနေနဲ့
အေးအေးသာသာ ဆဲလည်း
ရင်ထဲရောက်ပါတယ်။
အခါလွန် မိုးမိရင်တော့
သီးနှံတွေ ပျက်မယ်
ဂေါပကလေသံအတိုင်း
နေရာ လာပြန်ချမနေနဲ့
ငါ့တန်ဖိုးကို ငါပဲယူမယ်။
လူကလူကိုသတ်တယ်
ဦးနှောက်က ခံစားမှုကိုသတ်တယ်
ထွက်ပေါက်ရှာမယ်ဆိုတိုင်း
အထဲကိုချည်း ကျုံးဝင်နေတယ်
ရဲရဲသာ သေလိုက်။
မင်းရှေ့ရေးကိုတော့ မပြောနဲ့
ငါ့နောက်ကြောင်းတောင် ငါမသိချင်ဘူး။

No comments :