Saturday, February 2, 2013

"ကန်ထုတ်မိသော အကြောင်းအရာများ (၂)"

(၁)တနေ့ထက်တနေ့ ကမ္ဘာကြီးပိုမိုမလုံခြုံတော့သော်လည်း ကျဉ်းနိုင်သမျှဘောင်ကျဉ်းကာ နံရံများအထပ်ထပ်ကာ
ထားရင်း ကျွန်တော့်ကမ္ဘာကတော့ လုံခြုံမှုအပြည့်ရှိ၏။တတ်နိုင်သမျှ ကိုယ့်ကမ္ဘာအား လုံခြုံမှုနှင့်ပျော်ရွှင်ခြင်းများ
ပြည့်ဝနေအောင် ဖန်တီးနေမိသည်။

(၂)အပြုံးတချို့၏နောက်မှ ကြောက်မက်ဖွယ်စိတ်ဓါတ်များ၊သံသယ၊ ကမ္ဘာကြီး၏အနာတရများ၊ လူသားတို့၏အဆုံးစွန်သော
ရက်စက်မှု၊ ချစ်ခြင်းများ ၊အတွေးအခေါ်များ၊အမုန်းများ ၊တနေ့တခြား ထွားထွားလာသော နည်းပညာရပ်များ
အစရှိသည်တို့က ပတ်ဝန်းကျင်ကမ္ဘာမှ ကျွန်တော့်ဆီသို့ တီးခတ်ပေးလိုက်သော သံစဉ်များပင်ဖြစ်၏။
ကျွန်တော်၏နံရံများ ပျက်စီးလွယ်နေပေသည်။

(၃)သူတပါး၏အယူအဆများအား သက်ဝင်မယုံကြည်မိလျှင်ကောင်းမည်ဖြစ်သော်လည်း နောင်တစားခြင်းအား
အကျွမ်းတဝင်ရှိနေပြီဖြစ်သောကြောင့် ထပ်မံမမျိုချနိုင်တော့သော်လည်း ထွေးထုတ်မပစ်ရက်သော အယူ
အဆများ အလျှံအပယ်ရှိနေသည်။

(၄)တောင်တန်းတို့၏အော်ညည်းသံများ ၊ခေတ်ကာလ၏ စည်းချက်များ၊မြန်မာနိုင်ငံ၏ ရင်ခုန်သံ အစရှိသည်ဖြင့်
အရာအားလုံးသည် စိတ်ဝင်စားဖွယ်အပြည့်ပင်။ထိုကြောင့် ဒေါင်ကျကျ ပြားကျကျ တွေးမိသည်။တရားခံကား
ကျွန်တော်ပင်ဖြစ်၏။

(၅)အလုပ်သွားတိုင်း ဘောပင်ပျောက်လေ့ရှိသော ကျွန်တော်၏သူငယ်ချင်းတစ်ယောက်နှင့် အချိန်တိုင်းနီးပါး
အဟောင်းများအား ပြန်တွေးမိနေလေ့ရှိသောကျွန်တော် ထိုအရာနှစ်ခုသည် သူ့စည်းချက်နှင့်သူလည်ပတ်
နေသည်။ဝင်ရိုးများကောင်း /မကောင်းအား အာမခံချက်မရှိပေ။

(၆)ရင်ဘတ်တွင်ချိတ်ဆွဲထားသော time bomb(အလွမ်း) တစ်လုံးရှိသည်။ကမ္ဘာလောကကြီးအား ကလေးတစ်ယောက်
ကဲ့သို့ မပူဆာသော်လည်း လူကြီးတစ်ယောက်အသွင်မျိုးဖြင့် ခပ်တည်တည်ရပ်ကြည့်ဖူးကြောင်း ၊ဒေါသမီးတို့၏
အောက်ဆီဂျင်တစ်ခုရှိကြောင်း ၊နားထောင်လိုစိတ်ရှိမည်ဆိုပါက ခပ်တိုးတိုးပြောပြရန် ဝန်မလေးသော စိတ်ကူးတချို့
ရှိကြောင်း ခပ်တိုးတိုးကိုယ့်ဘာသာပဲပြန်ပြောခဲ့သည်။နေသည် အရှေ့မှထွက်ပြီး အနောက်သို့ဝင်ကြောင်းသေချာပါက
ကျွန်တော် တောင်နှင့်မြောက် ကန့်လန့်အိပ်ချင်ပါသည်။

(၇)အကြောင်းအရာတော်တော်များများသည် ကျွန်တော်၏ရင်ထဲတွင် မလိုအပ်ဘဲအမြှုပ်ထနေသော ဘီယာလို၊ခဏခဏ
ထထခုန်နေသဖြင့် ငါးတစ်ကောင်သာဖြစ်ခဲ့မည်ဆိုလျှင် ပိဿလေးဖြင့်ခေါင်းအား ထုလိုက်ချင်ပေသည်။စိတ်ကူးသည်
စိတ်ကူးသာဖြစ်ပြီး ထိုစိတ်ကူးများနောက်တွင် ကျွန်တော်ခပ်ပြုံးပြုံးရပ်နေမိကြောင်း သိစေချင်ပါသည်။

No comments :