ချစ်တဲ့စိတ်တွေက
"ဝေသာလီပြည် ဘီလူးစီးသလို"
အသိစိတ်တွေ ကမ္ဘာပျက်တယ်။
လက်ဆုပ်လက်ကိုင်
မပြနိုင်တော့လည်း
အချစ်က "သတ်ပုံမှား"ပြန်ပါရော။
သိသလောက် ကျမ်းစာအုပ်နဲ့
အဖြေထုတ်လိုက်မိတယ်
"ချစ်တယ်"ပဲထွက်လာပါရဲ့။
လူသားဆန်ဆန်ပဲ
သူမကတော့ နှစ်သိမ့်ပါတယ်
"ကျွန်မအံသွားတွေပါးနေပြီနော်!"။
ဖွဲ့စည်းပုံ မှားနေခဲ့တဲ့
နားလည်မှုတွေကြောင့်လား?
မနီးစပ်မှုကြောင့်လား?
ကျွံဝင်နေတဲ့ စကားတွေထဲမှာ
အချစ်ရဲ့"အား"တွေ အပြည့်ပါတယ်။
တစ်ပင်ထဲ ရင်ထဲမှာ
လိမ်နေတဲ့ အချစ်မို့
အနေအထိုင်မတတ်တဲ့ ကြယ်က
ရောင်ပြန်တစ်ချက် "ဟပ်"ပစ်လိုက်တယ်
ကြက်ကောင်းမှန်ရင်
"ဂွင်" မရွေးပါဘူးကွယ်။
ချစ်ခြင်းတရားတွေ
"ကောက်ကြောင်းလှဖို့လို"သတဲ့
နေ့တိုင်း တွေ့တိုင်း
မုသာဝါဒတွေ
ရေစိမ်သောက်ပြရအုံးမယ်။
ဒီလိုနဲ့.......ပဲ
profileသာပြည့်သွားတယ်
အချစ်က (ISO)စံချိန်မပြည့်သေး
တစ်ကြောင်းပြီးတစ်ကြောင်း
တစ်ပုဒ်ပြီးတစ်ပုဒ်
လာထား ကဗျာတွေ။
နောက်ဆုံး......မတော့
ကဗျာတွေရေးရင်း
ခေါင်းရင်းက ဘုရားစင်မှာ
မေတ္တာသုတ်တွေ "ကျုပ်"
ကျိတ်ကျိတ်ရွတ်ရပြန်ပါရောကွယ်။
No comments :
Post a Comment