Saturday, February 2, 2013

နွေရာသီနှင့်ကျွန်ုပ်၏ရောင်နီ

ရောင်နီသည် အခန်းတံခါးကနေ ဖြာကျလာနေသည်။သိပ်ချစ်ဖို့ကောင်းသည့်နေရောင်ခြည်က ပူသည်ထက်ပိုပူလာသည်။ လူပျင်းတစ်ယောက်အဖို့ သိပ်ချစ်ခဲ့သောနေရောင်အား သိပ်မခံစားတတ်တော့မလောက်ပင်ဖြစ်လာပြီ။နေ့တာရှည်ပြီ။ ကျွန်ပ်မအိပ်ခင်မှာပင် ရောင်နီပေါ်နေပြီ။မက်နေသော အိမ်မက်များအား ကပျာကယာထုတ်ပိုးရင်းသိပ်မကြာခင်မှာပင်   နွေတရက်ကိုရင်ဆိုင်ရပေအုံးမည်။ကျွန်ုပ်သိထားသောနွေဆိုသည်မှာ ဥသြမရှိလျှင်မည်သို့မျှမပြည့်စုံသောကြောင့် ဒီနွေသည် ကျွန်ုပ်အဖို့အရက်စက်ဆုံးသောနွေဖြစ်တော့မည်လော။အပွေးတက်နေသည်မှာကြာပြီဖြစ်သော ဘဝ၏ခါးသီးမှုများအား တတ်နိုင်သမျှခါချရင်း ကျွန်ုပ်၏ရောင်နီလေးအားမျှော်လင့်ချက်များစွာဖြင့် ရှာရပေအုံးမည်။လောကဓါတ်တစ်ခုလုံးအား သက်ဝင်လှုပ်ရှားစေသော နေမင်း၏ရှေ့ပြေးဖြစ်သော ရောင်နီအားလွန်စွာနှစ်သက်မိသောကြောင့် ကျွန်ုပ်၏နွမ်းလျနေသောအိမ်မက်များ လတ်ဆတ်လာစေရန် ရောင်နီပေါ်မှကျွန်ုပ်အိပ်ပျော်တတ်လာသည်။ကြာခဲ့ပါပြီ။ မည်သူတစ်ဦးတစ်ယောက်မျှ မခိုင်းစေ/မတိုက်တွန်းရပါဘဲ ရောင်နီကိုစောင့်ကြည့်မိသည်။အတော်ပူပြင်းသောနေမင်းသည် အတော်ပင်ချစ်စရာကောင်းသောရောင်နီများကို မွေးဖွားပေးတတ်သည်။သို့ဆိုလျှင် ရောင်နီိကိုကျွန်ုပ်ချစ်ကြောင်း သိလောက်ပါပြီ။ယခုတော့ရောင်နီသည် ကျွန်ုပ်ရင်ထဲတွင်ပူလောင်လာခဲ့ပြီ။

အော် နွေရောက်ခဲ့ပြီလေ။သစ်ပင်ကြီးအောက်မှ သောက်ရေအိုးစင်မရှိ.....ရိုးတံကျဲသစ်ပင်များကိုလည်းမမြင်..လေရူးလည်းမတွေ့ရ..ဥသြလည်းပျောက်ဆုံး.....ကျွန်ုပ်ရဲ့ပတ်ဝန်းကျင်တစ်ခုလုံးမှာတော့....ကားသံတွေတဝီဝီ..တိုက်တာတွေကတဟီးဟီးထလို့.....ခောတ်ပေါ်အလှတရားတွေ လမ်းမကြီးပေါ်မှာပြေးလွှားနေကြပါသည်။မည်မျှပင်ကောင်းသော အရည်ဖြစ်ပါစေ အမေတိုက်သောရေတစ်ခွက်လောက် အားမဖြစ်စေသည်မှာ လူတိုင်းသိပါသည်။ထို့ကြောင့် ကျွန်ုပ်အိမ်ကိုလွမ်းမိသည်။တခါတရံ အမေ့ရင်ခွင်မှာခိုဝင်ချင်သည်။ ရင့်ကျက်ရမည့်အရွယ်တွင် ကလေးဆန်ပါက (များသောအားဖြင့်) ကြပ်မပြည့်ဟုလူများသတ်မှတ်ကြသည်။ထို့ကြောင့် ကလေးဆန်မှု များအား အသိတရားဖြင့်ဖုံးအုပ်လျှက် ကိုယ့်ဘာသာပင်မသိမသာပြုံးလိုက်မိသည်။

အော် နွေရောက်ခဲ့ပြီလေ။တစ်နှစ်ပင်ကြာခဲ့သလို...အလွမ်းတွေပိုနှစ်ချို့လာခဲ့သလို....ဘဝရဲ့ခါးသီးမှုတွေကလည်းအပွေးများပိုတက်လို့....လူကတော့ပိုရင့်ကျက်လာသယောင်ယောင်နဲ့ပေါ့လေ။
ပျော်ရဲ့လားဟု ကိုယ့်ဘာသာပြန်မေးမိတိုင်း ပျော်ပါတယ်လေဟုသာ ကိုယ့်ဘာသာဖြေသိမ့်လိုက်ရသော ခံစားချက်များကတော့ ဒုနဲ့ဒေး။မရင့်ကျက်သေးဘူးလားဟုမေးလာလျှင်တော့ ရင့်ကျက်ပြီပေါ့ ဟုသာခပ်ပြုံးပြုံးဖြေတတ်လာပြီမှာလည်း ကြာခဲ့ပြီဖြစ်သည်။ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးရအောင်ကလည်း ကျွန်ုပ်က ဟစ်တလာမဟုတ်သလို နပိုလီယံလည်းမဟုတ်။ ထား၇ာနေစေရာသွား မင်းခယောကျာင်္းသက်သက်မျှသာဖြစ်သည်။မည်သို့ပင်ဆိုစေ ကျွန်ုပ်..နွေများစွာဖြတ်ကျော်အုံးမည်။

အော် နွေရောက်ပြီလေ။တက်ရမည်ဖြစ်သော ကျောင်းတွေကတော့ အသက်မဲ့စွာရပ်တည်လို့နေရင်းပေါ့။လူတစ်ချို့ကတော့ စားဝတ်နေရေးအတွက်ပြေးလွှားနေကြပါရဲ့။ကျွန်ုပ်ကတော့ ဟိုနားငုတ်တုတ် ဒီနားငုတ်တုတ်နဲ့ပင်။တခါတရံတော့ တလှုပ်လှုပ်သွားနေတဲ့လူတွေကြားတဲ့ အားအားယားယားဝင်စီးမျောကြည့်ဖူးသေးသည်။အလျားရှည်ထွက်နေတဲ့လမ်းမပေါ်မှာ
အနံကိုဖြတ်ကူးနေကြတဲ့အတွဲတစ်တွဲကို ကြည့်မိသွားသည်။အပေါ်မှာနေပူနေပေမယ့် သူတို့ရင်ထဲမှာအချစ်တွေဆူနေလို့လားမသိ နမ်းများတောင်နမ်းလိုက်သေးသည်။ကျွန်ုပ်ကတော့ ချစ်တဲ့ရောင်နီလေးနေထိုင်တဲ့ ဘယ်ဘက်ရင်အုံကိုလက်နဲ့အသာဖိရင်း မသိမသာတော့သက်ပြင်းချလိုက်မိသည်။ကျွန်ုပ်ပျော်ပါသည်။အပေါ်ကနေမင်းကတော့ကြွက်ကြွက်ဆူအောင်ပူလောင်လို့။

အော် နွေရောက်ပြီလေ။အချစ်သည် မည်သို့ပင်အဓိပါယ်ဖွင့်စေ ကုန်ဆုံးမည်မဟုတ်သော တထောင့်တညပုံပြင်ဆန်ဆန်ရှည်လျားစွာပင် ရပ်တည်နေသည်။အချိန်တွေကြာလာသည်နှင့်အမျှ အချစ်သည်နွေကဲ့သို့ပင် ပူလောင်လာပေမည်ထင်သည်။အထင်သည် အထင်သာဖြစ်သည်။အမှန်တရားတခုတော့မဟုတ်ပေ။ကျွန်ုပ်၏အချစ်သည်လည်း ပိုင်ဆိုင်လိုမှုများစွာဖြင့် အတ္တဆန်စွာပူလောင်
လာပေမည်။ရောင်နီမှသည် ပူပြင်းသောနေရောင်ခြည်ဖြစ်လာမည်ပင်။သို့သော် ကျွန်ုပ်၏ရောင်နီကို အရမ်းချစ်သည်။ဝေးကွာမှုများအား အံသွားများအပါးခံကာ အံကြိတ်ထားရင်း ကျွန်ုပ် ဆိတ်ဆိတ်လွမ်းသည်။တခါတရံ မသိမသာပင်ကျယ်ကျယ်လောင်လောင်လွမ်းသည်။ အပြင်ကနေမင်းကတော့ချစ်ချစ်တောက် ပူပြင်းလို့ဖြစ်သည်။

အော် နွေရောက်ပြီလေ။ချစ်တဲ့စိတ်တွေကတော့ ရင့်လာသောနေမင်းလို တဖြည်းဖြည်းအရှိန်တွေတက်လာသည်။ အချစ်များဒီဂရီမြင့်မားလာသည်နှင့်အမျှပင် မာနများ၊ ဒေါသများ၊ အလိုမကျမှုများ၊အတ္တများ တဖြုတ်ဖြုတ်ကြွေကျကုန်သည်။ ရိုးတံကျဲကျဲသစ်ပင်တစ်ပင်ကဲ့သို့ပင်ဖြစ်သည်။စိတ်တွေကလည်း နွေ၏လေရူးများကဲ့သို့ပင်။သို့သော် ရောင်နီ၏အပါးမှ တဖဝါးမှပင်မခွာကြပဲရှိနေသည်။ထိုနွေကြောင့်ပင် ကျွန်ုပ်၏အနာဂတ်ကောင်းကင်ကတော့ တိမ်များကင်းစင်တောက်ပလျှက်ဖြစ်သည်။

အော် နွေရောက်ပြီလေ။ကျွန်ုပ်၏ရောင်နီသည် မသိမသာပင်ကျွန်ုပ်ရင်ထဲမှာ နွေအဖြစ်အသွင်ပြောင်းလာပြီဖြစ်သည်။ ကျွန်ုပ်ပိုင်ဆိုင်ချင်လာပြီ။ကျွန်ုပ်၏အသိတရားများသည် ရော်ရွက်ဝါများကဲ့သို့ပင် တဖြုတ်ဖြုတ်နှင့် ရောင်နီကိုချစ်စိတ်တွင်   ကြွေဆင်းနေကြပေသည်။ဒီနွေတွင် ကျွန်ုပ်မှာဖော်မစုံဖြစ်နေသော်လည်း ဘယ်ဘက်ရင်အုံတွင် တသိမ့်သိမ့်နူးညံ့စွာခုန်လျှက်ရှိသော   ရောင်နီကြောင့် ကျွန်ုပ်ပျော်မိပါသည်။သိစိတ်မှသည် မသိစိတ်ထဲသို့ပင် ရောက်ရှိနေသော အချစ်စိတ်များကြောင့် ကျွန်ုပ်ပျော်မိပါသည်။မည်မျှပင်ဝေးကွာနေစေကာမူ..အချိန်သည်မည်မျှပင်စကားပြောစေကာမူ..ကျွန်ုပ်၏ ရင်ထဲတွင် အချိန်အားရပ်တန့်ထားမည်မှာ အသေအချာဖြစ်ကြောင်း ကျွန်ုပ်ကောင်းကောင်းပြောပြပါအုံးမည်။

အော် နွေရောက်ပြီလေ။အသက်ကြီးလာသည်နှင့်အမျှ ရှားပါးလာသော စိတ်၏နူးညံ့မှုများအား ရောင်နီကိုအကုန်ပေးရင်း အဝေးမြေတွင် ကျွန်ုပ်တစ်ရက်အသက်ဆက်ရအုံးမည်ဖြစ်သည်။ငယ်ငယ်ကကြားဖူးသော "အသက်အစိတ်ပုခက်ချိတ်"ဆိုသောစကားပုံအား   မေ့ထားရင်း၊ အံကြိတ်ပြီးဖြတ်ကျော်ခဲ့ရသောနေ့များအတွက်ကတော့   ရောင်နီလေးရှိလို့တော်သေးသည်။ ရိုးတံပြိုင်းပြိုင်းဖြစ်အောင် ပင် ကြွေကျခဲ့ပြီဖြစ်သော မာနများ၊ ဒေါသများ၊ အလိုမကျမှုများ၊အတ္တများနေရာတွင် ရောင်နီအားချစ်သော မေတ္တာတရားများဖြင့် ကျွန်ုပ်ပြန်လည်အစားထိုးရင်း နေ့ရက်များ စွာလန်းဆန်းလာအုံးမည်ဖြစ်သည်။ချစ်သည်၊ချစ်သည်၊ ထိုအချစ်ကြောင့်ပင် နွေ၏အဓိက ဇာတ်ကောင်ဖြစ်သော ဥသြကင်းမဲ့သောနေရာတွင်နေထိုင်နေရင်း မင်းခယောကျာင်္းဖြစ်သောကျွန်ုပ်....မသိမသာပြုံးမိပါတော့သည်။
(စာဖတ်ပေးသူများအား ကျေးဇူးအထူးတင်အပ်ပါသည်

No comments :