နံရံတွေကိုကြည့်မိတိုင်း
တတ်နိုင်သမျှ ဖောက်ထွက်ပစ်မယ်ဆိုရင်း
ငါ့ဆန္ဒလေး ရေတိမ်နစ်နေတယ်။
မျှော်လင့်ချက်တွေ စုတ်သတ်ခံရ
လွှတ်တင်ထားတဲ့ အိမ်မက်တွေ
ပြန်ပြုတ်မကျဖို့အရေး
စကားလုံးအလှတွေနဲ့ ပခုံးထမ်းတင်ထားရ။
"မုသာဝါဒဆိုတာ မိုးခါးရေပဲကွာ
သေစေနိုင်တဲ့ အဆိပ်မှမဟုတ်ဘဲ"
ဒီလိုနဲ့......
ငါးပါးသီလတွေ ခွာချလိုက်တဲ့အဆုံး
ခွန်အားတွေ "ဝုန်း"ခနဲပြန်ရလာတယ်။
တင်းထားလိုက်
လျှော့ထားလိုက်
သူရဲ့မာနကြိုးတွေနဲ့ မညှိဖို့အရေး
ကျုပ်ရဲ့ရိုးသားမှုကတော့ ဟိုပြေးဒီပြေး။
ခဏခဏ မိုးအုံ့တတ်တဲ့သူရဲ့မျက်နှာ
တချက်ပြုံးလိုက်တိုင်း
ကျုပ်ရင်ထဲမှာ သနပ်ခါးနံ့သင်းတယ်။
ကျုပ်က သိပ်ပြတ်သားတဲ့ကောင်
သူရဲ့ပါးပြင်က သနပ်ခါးနံ့မှမရရင်
အသက်တောင် မရှုချင်ခဲ့ဘူး။
အခုတော့လည်း အသက်ရှုရပ်လို့
အစွန်းမလွတ်လို့ ဖြတ်ထုတ်ခံရတဲ့မာနတွေလို
ရှပ်တိုက်လျှောက်မိတဲ့ စကားလုံးတွေကြောင့်
အမုန်းတွေ ဖုန်ထနေခဲ့ပြီ။
သွားပါကွာ! ဆိုတော့လည်း
ရင်ထဲမှာ လာလာနားတဲ့အပြုံးတွေကြောင့်
"ဗြုန်း"ခနဲ အလွမ်းတွေကိုကန်ထုတ်ရင်း
တောင်းဆုတစ်ခု ပြုမိတယ်
ကမ္ဘာကြီး မကျဉ်းပါစေနဲ့..................။
No comments :
Post a Comment