Monday, December 30, 2013

"ပျားရည်မဲ့ ည"

အိပ်မရတဲ့ မျက်လုံးတစ်စုံက 
စိုးရိမ်မှုတွေ သပ်ချလိုက်တော့
ညက
ညင်ညင်သာသာအကျဉ်းကြသွားတယ်။

ညပါးပြင်က ပျားရည်တစက်ကို
တပ်မက်မိတိုင်း 
ငြိမ်နေရင်း ငါ...
ခဏတိုင်း လဲကျတယ်
ဒဏ်ရာတွေထဲမှာ အသက်ရှု ရဲရတယ်။

မငြင်းဆန်ပါဘူးကွယ်
ပျားရည်ငတ်တဲ့ အရူးတကောင်မို့
ဒါဟာ.............
အာသီသလို့ ငြင်းမယ်
အာဟာရလို့ ငြင်းမယ်
ရုန်းရင်း ကန်ရင်း
ငြင်းရင်း ဆန်ရင်း
ညက အဆိပ်သင့်နေတာပါ
ညက လောင်စာမဲ့တောက်လောင်လွန်းတာပါ
ညက မြီးကောင်ပေါက်မလေးလို ဓါးထက်လွန်းတာပါ
နံနက်ခင်းတိုင်းကို
ပြတ်ရှရာတွေနဲ့ တန်ဆာဆင်လိုက်ရတယ်
ဓါးသွားပေါ်မှာ ပျားရည်မရှိခဲ့ဘူး ။

(ဦးသီ)

"တနင်္ဂနွေနတ်သမီးနဲ့ စီးချင်းထိုးပွဲ"

ငါးမရသရွေ့ ရေစိုမခံသူ
တံလျှပ်ရဲ့ အလှတရားတွေမြင်နေသေ၇ွ့
ရေလိုက်လွဲနေအုံးမယ်။

တကယ်တော့
ငါတို့က စွန်တွေ
မင်းကြိုးပေါ်မှာ ငါ
ငါ့ကြိုးပေါ်မှာ မင်း။

တနေ့က သတင်းစာမှာ
မှတ်ကျောက်လိုကြောင်း ဖတ်လိုက်ရ
ဖယောင်းက ရွှေကိုလား
ရွှေက ဖယောင်းကိုလား
မင်းက မင်းပီသဖို့
ငါက ငါပီသဖို့။

တကယ်ဆို ဘာမှကိုမလိုဘူး
ခေါင်းလွှဲဖို့ပဲလိုတယ်
မသိခြင်းတွေကို
မသိနိုင်တော့လောက်အောင်။

တယ်လီဖုန်းကြိုးတွေနဲ့ ချိတ်ဆက်ထားမှုက
လျော့ရဲရဲ နိုင်လွန်းလာတိုင်း
စိတ္တဇနမ်တွေ လေသလပ်ခံပေးရ။

သံယောဇဉ်နဲ့သာ ရေတိမ်နစ်စတမ်းဆို
မင်းလည်း သေ
ငါလည်း သေ။

အခု
ငါ့အထီးကျန်မှုရဲ့ အခုအခံ
တနင်္ဂနွေရဲ့နတ်သမီးနဲ့
သောကြာထောင့်မှာ စီးချင်းထိုးဖြစ်တယ်
နိုင်သူက ရှုံးသူကိုယူရုံပဲ။

(ဦးသီ)

"လွဲ"

အက္ခရာစဉ်လွဲခဲ့တာ
သက္ကရာဇ်တွေက
ခေါင်းညိမ့်ခေါင်းခါ ဖြေသွားကြတော့
အသက်ရှုနေရပုံက
လေထုထဲမှာ ကျောက်ခဲပါတယ်။

စကားလုံးတွေယုံကြည်မိခဲ့
တပတ်လည်လို့ပြောရဲ့
တကျော့ပြန်လို့ပြောရဲ့
မွန်းတည့်နေ အောက်မှာအရိပ်ကောက်/စောင့်မိတော့
ရေနဲ့ လွဲတယ်
တံလျှပ်နဲ့ လွဲတယ်။

တေ့လွဲလို့ သာသာထိုးထိုးမဆိုပါနဲ့
ကီးကြောင်သီချင်းထက် ဘာမှမပို
ကိုယ့်စိတ်ကိုယ် ဖွင့်မရတဲ့အထိသာပိတ်ပါ။

တနေ့မှာ
မင်းနဲ့လွဲတာကမ္ဘာနဲ့လွဲသလောက်ရှိတယ်ပြောမိရင်
ခြောက်ခြားထိတ်လန့်ခြင်းတွေနဲ့
ရင်ဘတ်တခုလုံး ရင်းနှီးကျွမ်းဝင်စွာ
တဒိတ်ဒိတ်မှသည် တဒိုင်းဒိုင်းဆီသို့
ဆုံးရှုံးခြင်း၏အခြားမရှိလို့ရေးတိုင်း
...မှတပါးလို့ ရေရွတ်နေလိုက်မယ်။

(ဦးသီ)


စကားလုံး တထောက်

ရင်ထဲမှာ
ဒီရေလို တလိပ်လိပ်တက်လာတိုင်း
ခံစားချက်တွေလေ
လေချိန်အတက်မှာ ပြန်မထွက်ဘူး။

ဇက်ချိုး ခေါင်းချိုးနဲ့
အမူးတွေမကျိုးတော့ဘူးဆိုတော့
ကိုယ့်ကိုကိုယ်မီးပိတ်
အိပ်ဖို့ပဲလိုတော့တယ်။

မင်းသိပ်မုန်းတဲ့
ဘာဂါလို
ငါတို့ကြားမှာ......
ဒဏ်ရာတွေခံနေရုံပါပဲ။

သိပ်ကြောက်ဖို့ကောင်းတယ်ကွယ်
စပါးလုံးတစ်ထောက် မနီးခဲ့တော့
စကားလုံးတထောက်မှာ
ငါ့ကိုယ်ငါ ပျောက်ရှပစ်ခဲ့ရ။

(ဦးသီ)

Wednesday, November 20, 2013

သူမနှင့်ညအား ဂျွမ်းပစ်ဝင်ခြင်းခဏ

အမှောင်မကြောက်သော်လည်း သူမ,မရှိသောညများအား စိုးရွံသူပီပီတဒင်္ဂအတွင်းအလျင်အမြန် ကြီးထွားလာနိုင်သော အလွမ်းများမှလက်သပ်မွေး သံယောဇဉ်အတိုအထွာများနှင့် နှလုံးသားအား ခတ်ယူရရှိလာသော မီးပွားဖြင့် ညအားလောင်မြိုက်စေခဲ့ရသည်။
ကျွန်တော့်စိတ်က သူမဟုဆိုလျှင် "ဒိန်း"ခနဲမြန်ကြောင်း အမုန်းတရားအား လက်ယဉ်သူ၏လက်တွင်ထုတ်ပယ်ခံရခြင်းလက်မှတ်အား ကျောသပ်ရင်သပ် နှင့်ပင် မြတ်နိုးတတ်နေမိသည်။
သူမနှင့်ကျွန်တော် စကားလုံးတွေ စုန်းမြူးမြူးတုန်းက အနီးဆုံးဖြစ်သည့် အိမ်မက်များ အဝေးဆုံးဖြစ်ရန်ပင်  ညဆိုသည်မှာ မည်ကာမတ္တ။
သူမအပြုံးနုနုလေးနဲ့ထိတွေ့လိုက်တိုင်း အတိတ်အနာဖေးတွေကသွေးသံတရဲရဲနှင့် ခဏလေးပဲဟု ထင်လိုက်သော်လည်း တဘဝစာပင်ကြာနိုင်သော ကိုယ့်ပေတံပင်မဖြောင့်သေးသော ကျွန်တော်က သူမပေတံအားဖြောင့်ပေးရင်း ကိုယ့်ရင်ခုန်သံအား ထီးဖြူဆောင်းပေးခဲ့ဖူးသည်။
ဘဝတွင် မေ့ပစ်ချင်သည်မှာ များလွန်းသောကြောင့် သူမ,မရှိတော့သောညအား အခါးသီးဆုံးဟု တံဆိပ်ကပ်ရင်း တစိမ့်စိမ့်စီးဝင်ခဲ့ဖူးသောအ၇ာများရင်ထဲတွင်တဝုန်းဝုန်းရိုက်ခတ်လာသော်အခါ ပင်လယ်အားကိုယ်ချင်းစာတတ်သော တံငါသည်တယောက်မှာ အချစ်ကိုပင်ချမ်းချမ်းသာသာ မသုံးစွဲခဲ့ဖူးအောင်ပင် မွဲ၏။
ဆေးဖက်ဝင်ရန် အရက်ကို ရင်ထဲပက်မသွင်းဘူးသူသည် အချစ်အား တန်ဖိုးထားတတ်ပါကြောင်း ကျော၇ရုံဟုဆိုပါလျှင်ရင်ဘတ်တခုလုံးသာလျှင် လိုချင်ပါသည်ဟု "ချစ်တယ်"ဆိုသော စကားလုံးခပ်ဖွဲဖွဲလေးကျပြရင်း ကိုယ့်ကိုကိုယ်အေးခဲပြခဲ့ပါသည်။
နွေမိုးဆောင်းသည်ရာသီဥတုဟု ဆိုပါလျှင် သူမဟုပင် အတိုကောက်မှတ်ထားရမည်ဖြစ်သော်လည်း ကိုယ့်အပြစ်ကို မီးထိုးရင်း ကိုယ်တိုင်ဆင်းစိမ်ရသည်မှာ ဆိုးဝါးလှသည်။
"သူမနှင့်မှ ဘဝကိုရေတိမ်နစ်ချင်ပါသည်" အချစ်နှင့်မွမ်းမံထားသော "ဘဝနေနည်းအနုပညာ"တွင် ယခုကျွန်တော်သည် အရိုင်းအစိုင်းတကောင်ပင်။
ကြာပြီဟု သတ်မှတ်မိတိုင်း မနေ့ကဆိုသော အတိုင်းအတာတွင် သူမအားအလျှင်အမြန်ထည့်ရန် ကျွန်တော့်သွေးက "ရဲ"သည် ကျွန်တော့်လက်က "မြဲ"သည်။
အရာအားလုံးအား နှင်းခဲအတိကဲ့သို့ပင် သဘောထားနိုင်သော်ငြား သူမရှင်သန်နေနိုင်ရင် နှလုံးသားသည် တဆတ်ဆတ်ခုန်ပေးကြောင်း သူမ၏ခပ်နွမ်းနွမ်း ပုံအဟောင်းများထဲတွင် စိတ်တခုလုံးဂျွမ်းပစ်ဝင်နေမိသည်။

            (ဦးသီ)

နားရွက်ကြားက ဆေးလိပ်တလိပ်
အိပ်ကပ်ထဲက ဟတ်တစ် တချပ်
ဦးထုတ်ထဲက ခိုဖြူတစ်ကောင်
အရာအားလုံးက မှင်နဲ့မောင်းနဲ့ 
ကိုယ်လုံးပြည့် လိမ်လည်မှုဆေးမင်ကြောင်တွေထိုးရင်း
ငါ့လက်တွေ ဝှေ့ယမ်းနေသရွေ့
ငါ့မျက်လုံးတွေ ကစားနေရမယ်
တစ်ပွဲပြီးရင် သက်ပြင်းတခါချရ
စိတ်နှလုံးလည်း မောရလွန်းတော့
ငါ့ကိုယ်ငါ မမြင်ရတဲ့အထိ ဖျောက်ပစ်ချင်တယ်
ကိုင်းးးးးးးးးးး ပျောက်စမ်းကွာာာာာ
"ဖျောက်"!!!!!!!........................
မမြင်ရရင် ဘာမှမရှိဘူး
ရှိနေသေးရင် အရူး
Going to somewhere that's belonged to me !

$#$%#

နှစ်ဦးကြားက သံယောဇဉ်က
ဈေးပေါင်ကျိုး ကန်စွမ်းပင်လေးလို
နေထိ လေထိေ၇ထိနဲ့
တအိအိ ပြိုကျပျက်သုန်း.............။

စကားလုံးတွေချည်းပါပဲ
အချစ်ပါးပါးတောင် မပေါက်ထည့်နိုင်တော့ဘူး
ချစ်ခြင်းတရားကို"ကျကျနန မသိခဲ့တော့
ကျကျနနနဲ့ ရှတတ အုပ်ချုပ်နေတာလား" ။

အချစ်နဲ့ ဂလဲ့စား
မင်း.......ဆေးမှားသောက်နေတာလား?
ငါ.........ဆေးမှားသောက်နေတာလား?
ခါးမှန်းသိကြပေမယ့်.....
အချိန်တိုင်း လေးတင်ထားတဲ့
မင်းစကားလုံးမြှားတွေအတွက်
မင်းလက်ရဲဖို့လိုသလို 
ငါဇက်ရဲဖို့လိုတယ်။

တစ်ယောက်စိတ်ကိုတစ်ယောက်
သူငယ်တန်းဖတ်စာလောက် ကျေညက်နားလည်မှ
တဖတ်ဖတ်(fuck) အော်ရတဲ့ဘဝက
ငါ ကျွတ်တမ်းဝင်ရမယ်။

တကယ်ပါပဲကွာ
အချစ်က မုန့်ဖတ်လိုပဲ
ကိုင်ထားတော့လည်း ပျော့ဖတ်ဖတ်
လွှင့်ပစ်မယ်လုပ်တော့ စေးကပ်ကပ်ဖတ်
(fuck)ပါပဲ $#%@$#

(ဦးသီ)

"ညှော်မိနေတဲ့ ကျွန်တော်"

ဇူလိုင် မြက်ခင်းထဲက 
ပုတ်သင်စိမ်း တစ်ကောင်
ဒီမိုး "ဒီလေ"တွေကြားမှာ
အောက်ဆီဂျင်တွေ ရှားပါးစပြုလာခြင်းအကြောင်း။

အကျင့်စာရိတ္တတွေ "ချခင်းပြထား"နိုင်ပါလျှက်
အော်အော်ရောင်းတဲ့ ဈေးသည်တွေက
ကိုယ့်ပုံနဲ့ကိုယ်
နေနဲ့လ ရွှေနဲ့မြလို့ ကြွေးကြော်နေကြရဲ့။

ကိုယ့်ဖျာကိုယ်ခင်းထိုင်ရင်း
ကိုယ့်ပွဲကို သူများအတင်းကြည့်ခိုင်းတော့
လေမုန်တိုင်းတခုမှာ ညှော်နံ့ပါကြောင်း 
လက်မှတ်ခြင်းအတူတူ တကြောင်းပိုကြောင်း
ရာဇဝင်ခြင်းအတူတူ ခရာတခုပါကြောင်း
စကားလုံးတွေ ရေထိုးရောင်းကြတယ်။(ပေါ့မစိုးလို့)

လွယ်အိတ်တဖက်နဲ့ သေနတ်တလက်
ကို့ရိုးကားယားထွက်လာတော့
လွယ်အိတ်ကြိုး မပြုတ်ဘဲ
သေနတ်ကြိုး ပြုတ်
ငါ့ဇာတ်ထုပ်က ရှုပ်တယ်။

တချို့................
လက်သည်းကြားက ခဲမှုန့်တွေစားတိုင်း
ပါးစပ်က ယမ်းနံ့တွေထွက်တဲ့အခါ
ပါးစပ်နဲ့သတ်တော့ သစ်ပင်လေးတွေသေတယ်။
ပါးစပ်နဲ့သတ်တော့ စိတ်တွေလေတယ်။

allergic လား? မွေးရာပါအနာလား?
မခံနိုင်အောင် ဆိုးရွားလွန်းရဲ့
လေမုန်တိုင်းရေ
"သူများအရိပ်ကို တက်နင်းချင်မှတော"့
လေဆင်နှာမောင်းဖြစ်ချင်မှတော့
မင်း ညှော်နံ့နံနေပြီပေါ့။

အဲ့လို

ကြောင်တစ်ကောင်လို
ပေါ့ပါးပြီးး
ကျားတစ်ကောင်လို
လျင်မြန်ဖျတ်လတ်ချင်တာပဲသိတယ်
လေးဖက်သွားရမှာတော့ကြောက်သားးးးး 

ညတညရဲ့ မလှမပအပြုံး

နှင်းမကျဘူး
လက်ပွန်းတတီး အေးစက်မှုတွေနဲ့
ခပ်တည်တည်ဝိုင်းဖွဲ့ပစ်လိုက်တယ်
ဒါ..............ဖြစ်မြဲဓမ္မတာပဲလား?
၁၁မီးနဲ့ ကျွန်တော်
မပြီးနိုင် မစီးနိုင်သောက်စားရင်း
ခံစားမှုတွေ ခြေချင်းလိမ်ကုန်တဲ့အထိ
(ညခင်းကို)လမင်းကို ထိုင်မြည်းပစ်တုန်းကပေါ့။

လူ့လောကရဲ့ အရိပ်မှာနေရင်း
အခက်မချိုးချင်တဲ့ကျွန်တော်က
သင်မယုံလျှင်ခေါင်းစင်းပေးချင်ကြောင်း
ဓါးအစင်းတရာ မျိုချချင်ကြောင်း
ခပ်သော့သော့ရယ်သံတွေနဲ့
ကျောသပ်ရင်သပ်မလုပ်ဖို့ တောင်းဆိုပစ်လိုက်တယ်။

ဒေါသကို ကျော်မှမူးမယ်
အတွေးတွေကို တခွက်ပြီးတခွက်
ရေချိန်နက်/မနက်
ကျွန်တော့စိတ်နဲ့ထုတ်ထုတ်တိုင်းရင်း
တဆိတ်.....သဘောတူရင် ခွက်ချင်းမတိုက်ပါနဲ့လား
ဘဝချင်းတိုက်မှ ပိုအားရမှာ
ကလေးအထာဆိုရင်
ကျွန်တော်တို့တွေ လူကြီးမဆန်ကြတာပေါ့။

လက်ပူတိုက်ရုံ (အရက်ပူတိုက်ရုံ)နဲ့
ဒီဆောင်းက မပူတော့
ကံကြမ္မာကို ခိုးရွှေ့လို့မရတဲ့အခါ
အသေးစား စစ်တလင်းမှာ
အချင်းများနေပြရမှာလား?
အစင်းသားသေပြရမှာလား?
4'6' မရွေးရဲတိုင်း
လက်နှစ်သစ်ကို အပြည့်ဝဆုံးပြုံးဖြစ်တယ်။

(ဦးသီ)

Friday, September 20, 2013

ပုန်းလျှိုးကွယ်လျှိုးမာန


ငါကပဲ စနစ်တကျမှားယွင်းနေခဲ့တာလား
မကောင်းမြင်စိတ်တွေ
တရိပ်ရိပ်တက်လာ မိုးသား
မာနတရားတွေ ခုံပေါက်မြူးထူးတဲ့ည။

ငါ့နှလုံးသားလမ်းကြောင်းပေါ်က 
(ဖြတ်/ဆက်)2 မြည်သံတွေ
ဘယ်မာနတရားတွေက ကောင်းချီးပေးသွားခဲ့လေသလဲ?
အခွန်ကင်းကင်းနဲ့
ဝန်ဆောင်ခြင်းအပြည့်ရတာ
မင်းမာနပဲရှိတယ်ကွယ်။

လူနှစ်ယောက်ပဲရှိမှတော့
မင်းရဲ့ လက်ညှိုးထိပ်မှာ
ငါ ထွက်မပြေးသာတော့ဘူးပေါ့။

ယောကျာင်္းတွေ မကောင်းဘူးထဲမှာ
ငါ့ဝန်ခံခြင်းတွေ ရေချိုးဆင်းပေးရင်း
ပုထုဇဉ်ခြင်း လက်ညှိုးထိုးရဲသူမင်းအတွက်
ကျောက်စာတချပ်တော့... 
ငါ    သပ်သပ်ဖယ်ထားပါရဲ့။

အားနာပါးနာ ချစ်ပြတာထက်စာရင်
သုံးရာသီလုံး အမုန်းပဲပေးပါကွာ
မနက်ဖြန်တွေထဲမှာ 
ပျောက်ရှကုန်တဲ့လူတွေ မနည်းဘူး
ငါ့အချစ်က တနေ့တလုံး
အသက်ကယ်ဆေး လိုအပ်ကြောင်း။

ကံတရားရေ..............
ဝေးကွာခြင်းရဲ့တဘက်ကိုကျွံမထွက်နိုင်သရွေ့
နီးစပ်ခြင်းကို လက်လှမ်းမမှီသရွေ့
သတိရခြင်းထဲမှာ ညစ်တွန်းတွန်းနေရပါရဲ့
တဖြည်းဖြည်းနဲ့မှ
မှုန်ဝါးမလာရင် 
တဖြည်းဖြည်းနဲ့
ကြည်လင်ပြတ်သားလာသင့်ကြောင်း။

တလမ်းသွားခရီးသည်


တစ်ကြောင်းထိုးသွားတော့
တလမ်းထဲရောက်ခဲ့တယ။်

ဘဝဟာ လယ်ကွက်တခုဆို
ခေါင်းမာမှုနဲ့ ထယ်ထိုးခဲ့သမျှ
အကုသိုလ်မြေခဲတွေ ပြန့်ကျဲလို့။

ကျွန်တော်........
အဆုတ်နဲ့အောက်ဆီဂျင်မိတ်ဆက်ကတည်းက
အလိုမကျမှုတွေသီကုံးတတ်ချိန်ကတည်းက
ဝူးဝူးဝါးဝါး ဆန္ဒပြတတ်ကတည်းက
ဘဝထဲကို.............
အကုသိုလ်တွေ ခေါင်းဝင်ကိုယ်ဆန့်။

ကံကြမ္မာက မမှားပါဘူး
ကျွန်တော်ကိုက မမှန်ခဲ့တာပါ။
တသက်လုံး"မှန်"လာတဲ့ "အမှား"မို့
ခါးမှန်းတော့ "သိ"ရုံ။

နာမ်က ရုပ် ကိုနိုင်နေချိန်တိုင်း
ရုပ်က နာမ် ကိုနိုင်နေချိန်တိုင်း
ဘဝဟာ မွေ့လျော်ဖွယ်ကောင်းတုန်းပဲ
လွတ်အောင်မှ မပြေးနိုင်ဘူးဆိုရင်
ခုခံဖို့ ထိုင်စဥ်းစား၇ုံပဲရှိတော့တယ်။

တကယ်တော့ကွယ်
သကြားလုံးလေး အချိုမကုန်ခင်
သံသရာပင်လယ်ထဲကို ခေါင်းမနစ်သရွေ့
လှေဝမ်းထဲမှာ ဘဝကို(ထထ)ခုန်နေမိခဲ့
ကျွန်တော်က  တလမ်းသွားပါ
မှားတယ်ဆိုရင်လည်း မှားတဲ့ဘက်မှာ။

"ဘာမှမဟုတ်တဲ့ ငါ "

ကမ္ဘာကြီးပေါ်အမြစ်စွဲအောင်
မနည်းထူထောင်ထားရတဲ့ဘဝပါ။

တနေ့တာဆိုတာ
အဆင်ပြေသလို ရောင်းလိုက်ဝယ်လိုက်။

အရာရာကို ငုံ့မကြည့်ရဲဘူး
ခပ်မျှင်းမျှင်း ဝင်ငွေက
အကြောဆေးသွင်းသလောက်ပဲရှိတယ်။

ခောတ်ပေါ်ရောဂါတွေ
ဝယ်ယူမစားသုံးနိုင်တော့
ငါ့ဖြစ်တည်မှုက ညင်သာသိမ့်မွေ့တယ်။

အလျှင်းသင့်သလို
ရှုသွင်းလိုက်တဲ့ အောက်ဆီဂျင်တွေ
နိဒါန်းထဲမှာ ဆွဲမထုတ်နိုင်တဲ့နိဂုံးတွေ
မနက်ဖြန်ထဲမှာခပ်တည်တည် ဖြန့်ခင်းလိုက်တော့လည်း
လောကကြီးက စပ်ဖြီးဖြီးကြည့်သွားတယ်။

ပိတ်ထားတဲ့ ရင်ခွင်တခုမို့
ငါ့အနှစ်သာရနဲ့ ငါ
ပြုံးပြုံးရွှင်ရွှင်နဲ့ပဲ
နေရောင်တွေကို ဆွဲဆုတ်ပစ်ချင်တယ်။

(ဦးသီ)

"ကန်ထုတ်မိသောအကြောင်းအရာများ (၉)"


နေဝင်မီးငြိမ်းတဲ့
အလွမ်းက တောက်ထုတ်လိုက်တော့
သတ်မှတ်ချက်တွေ ဒလှိမ့်ခေါက်ခွေးပြုတ်ကျ
မင်းအကြောင်းတွေတွေးနေမိသမျှ
ညတာတွေ တိုအုံးမယ်။

င့ါစိတ်ဆိုတာ
ခြင်ထောင်ချ၇ုံနဲ့ အိပ်မပျော်နိုင်
ငါ့စိတ်ကို ငါမမေးသရွေ့
ဝေးနေဆဲ အဖြေတချို့ရှိတယ်။

ရင့်ကျက်လာတဲ့မင်းအပြုံးတွေနဲ့
ကမ္ဘာကြီးကို သိမ်းကျုံးကြည့်ပါအုံးကွယ်
စိတ်ကောက်ခြင်းနဲ့ရယ်မောခြင်းကြားမှာ
စိတ်ခလုတ်တွေ အဖွင့်အပိတ်။

ကော်ဖီမှုန့်နဲ့သကြားတော့
တသားတည်းကျသွားသတဲ့
ရေနွေးဖျောမခံရတဲ့ ငါတို့က
အတိတ်ကလွဲရင် တကွဲတပြားစီပေါ့။

ထီးတစ်ချောင်းလို့ထင်ဆဲ
ငါက ဖိနပ်တရံဆိုရင်
ငါတို့ကြားက ဝိရောဓိတွေ
အားရှိပါးရှိ ခုန်ပေါက်ကြလိမ့်မယ်။

တကယ်တော့
ငါ့သွေးထဲမှာ ခပ်သွက်သွက်စီးတယ်ဆိုရင် မင်းပဲလေ !!!

မြှားနတ်မောင်က ချော့မြူကျီစားခဲ့ရုံသက်သက်
သူ့ရဲ့ ပွဲအခင်းအကျင်းထက်မှာ
အရှုံးသမားသက်သက်ရယ်လို့ သမုတ်လိုက်တော့
လွင့်စင်လာဖူးတဲ့ ရင်းနှီးမှုတချို့တဝက်မှာ
ငါက အကျဉ်းကျ၇ုံသက်သက်ပါ။

သူရူးတစ်ယောက်လို 
နှလုံးသားခွန်အားကုန် စကားလုံးတွေနဲ့ပစ်ပေါက်
မလွတ်မြောက်ခဲ့ဘူးဆိုရင်တောင်
နောင်ဗေနောင်နဲ့  ကံကြမ္မာကိုတွဲကမယ်။

(ဦးသီ)

သို့

မမေ့ဘူးလို့ ပြောခဲ့ရင်း
အဲဒီနေ့ကို မေ့သွားတယ်
ကို့ဘဝနဲ့ကို သတ်ပုတ်ရတိုင်း
လက်ထဲက ငွေကြေးထက်
ဘယ်အရာတွေက ပိုလေးလံနိုင်သလဲတဲ့?
ဒဏ်ရာပြယုဂ်တွေ
စင်တစင်စာရှိတယ်ပြောသူ
ငါ့သမိုင်းရဲ့ပြတိုက်ဝင် လူရုပ်မလေးရေ
အဲဒီနေ့က
ရွှေဖြစ်ငွေဖြစ်မဟုတ်ပေမဲ့
သံယောဇဉ်ဖြစ် အလွမ်းဖြစ်ရုံ
နှလုံးသားတွေ ဖိုစာကျွေးခဲ့ကြတာပေါ့
ပေါ့ပေါ့ ပါးပါးလို့ ရေရွတ်ပစ်ခဲ့ကြသေးရဲ့
မျက်နှာတွေကို ဆိတ်သားရေနဲ့ဖုံးရင်း
ခံစားချက်တွေ ကိုယ်လေးလက်ဝန်ပါပဲလား။

(ဦးသီ)

"စုန်းးးးးးးးဆုံးးးးးးးးးးး"


သူမပုံကိုကြည့်တိုင်း
screen ကဖုန်တွေသုတ်ဖို့ သတိရတတ်တယ်...........
ဒဿဂီရိထက်
ခေတ်ရှေ့နည်းနည်းပြေးတယ်ဆိုရုံပါပဲ။

သူမစိတ်ကို မပြုစားနိုင်ခဲ့တဲ့
ခပ်ပေါပေါ စုန်းတကောင်ရဲ့
တခုတည်းသော နောင်တရတဲ့အရှုံးလို့ သမုတ်ရမယ်။

ဘယ်နေ့မှာ "လပြည့်"မလဲ??????
"ရင်ချိုး"ပြီး ရေတွက်နေတဲ့
ငါ့"ဟန်ချက်"တွေလေ 
မင်းလက်အပ်ဖို့ နှလုံးသားရဲ့ ဝန်ရိုးတွေကျိုးကြေနေတဲ့အထဲမှာတောင်
ငါ့သွေးတွေဆူပွက်နေခဲ့တယ်။

တခါတရံလို့ပဲ ပြောကွယ်
ငါထုတ်ယူစားသုံးခဲ့ရတဲ့မင်းပုံရိပ်ထဲက အပြုံးတွေ
နှစ်ချို့နေပြီတဲ့.................

ပြောင်းလဲခြင်းထဲမှာလဲပြိုကျမသွားဖို့
အမှတ်တရတွေကို
အုတ်မြစ်ချထားခဲ့တယ်
ဒီဘဝ "ပြီး"ရင်တော့"ဆုံး"ပါပြီကွယ်................။ 

    (ဦးသီ)

"ဘာမှမရှိ သို့မဟုတ်......."

ကျိုးကြေနေတဲ့မနက်ဖြန်တွေအထိ
သေသပ်ပိရိစွာ သယ်ဆောင်ဖို့
မျက်လှည့်ဆရာလို (ချစ်တယ်လို့)
ဖြူစင်စွာလိမ်လည်ချင်တယ်။

ကိုယ့်တံဆိပ်ကို ကျကျနနမဖတ်ရသေးခင်
လေအသုတ်မှာ တဖြုတ်ဖြုတ်ကြွေနေရစတမ်းဆိုရင်လည်း
တိုက်စားခံသက်သက်
ကမ်းနဖူးက ကျောက်ဆောင်တွေလို
ရဲရဲရင့်ရင့် ရင်ဖွင့်ထားချင်ခဲ့တာပါ။

လောကရဲ့ကျော့ကွင်းထဲမှာ
မျှော်လင့်ချက်တွေနဲ့ ရောထွေးယှက်တင်
မနက်ဖြန်ဆိုတာပြင်ဆင်ခွင့်မရှိတဲ့ အမှန်တရားတဲ့
ခါးမှ ဆေးဖက်ဝင်တယ်ဆိုရင်
မျှော်လင့်ခြင်းထဲမှာ လွန်းထိုးပျံသန်းပြချင်သေးရဲ့။

ကြာတော့လည်း အိမ်မက်ထဲကကုန်းရုန်းထ
ဒီလိုနဲ့ ညတွေ
ဖြစ်ပျက်နေပုံများ
မင်းလည်းမရှီ အချစ်လည်းမရှိ ဘာမှမရှိ။

  (ဦးသီ)

Thursday, June 20, 2013

"ငါ့မြစ်ထဲမှာ မျောတဲ့ငါ"


ဆိုးချက်လေးတခွက်နဲ့
ညစာက အသက်မဲ့ပုံပေါ့
လေထုထဲက ရေငွေ့တစက်နဲ့
အာသီသ စိုစွတ်ရုံမျှ.....

တစက်က စတယ်ဆို
ပင်လယ်တခုလုံး ပြာနှမ်းနေပါစေ
အနားသတ်ကျမှ သီးခြားမဖြစ်စေရ.........

ခန္ဓာကိုယ်က မဲညစ်ညစ်ပေါ့
အကျီပေါ်လာကပ်တဲ့ ဝါဂွမ်းတဖတ်နဲ့
အဖြူဖြစ်လိုဖြစ်ငြား...........

ဘဝက စိမ်းရောင်စုံရုပ်ရှင်ကားလား
အမည်းတွေအားကောင်းလွန်းပါပေတယ်.......

ကိုယ့်အပွေးကိုယ် မသပ်ချနိုင်တော့ရင်
ကိုယ့်အမြစ်ကို ကိုယ်တူးဖို့ပဲရှိရဲ့.....

စိုစိုပြေပြေစားချင်သေးတယ်
လက်နည်းနည်းအပေခံမယ်
သွေးညှီနံ့နည်းနည်းရှုမယ်
လက်ခုပ်နဲ့နားဆိုတာ
ဖန်တီးမှုအားထက် ခံစားမှုအားပိုလိုအပ်လေရဲ့

Thursday, April 25, 2013

ချစ်သူဆီသို့ ပေးစာ

ညကိုသာ ခြစားသွားတယ်
အတွေးက မကုန်ပြန်ခဲ့
စကားလုံးတွေ အကျအပေါက်များနေရဲ့
ခံစားချက် အပျောက်အရှဆိုတာ
ငါ့အတွက်တော့ ကောင်းကင်
သူမက ဆေးဖက်မဝင်သေးဘူး။

နေ့စဉ်နဲ့အမျှ
အလကားရတဲ့ ခံစားချက်တွေ
ဖန်တီးခြင်းအစမှာပဲ ရင်ခွင်ကျိုးမတတ်ဆိုတော့
ဘာမှမဟုတ်ခြင်းထဲမှာ ငါက
သဲလွန်စ ရလိုရငြား.....။

ငါ့အတွက်ရလာဒ်ထဲမှာ
မသေချာခြင်းတွေ ကိုက်(ကိုက်)မထည့်နဲ့တော့ကွယ်
သံယောဇဉ်တွေ ရေချိန်လွန်သွားပြီ။

မင်းထားခဲ့တဲ့ ရင်ခွင်မှာ
မင်းအပြုံးတွေ နှလုံးသားတစ်လျှောက်လောင်ကျွမ်းလို့
ညဖက်တိုင်းဟာ င့ါအတွက်
ပက်ပက်စက်စက် လကွယ်ရက်ပါပဲ။

 အရက်တခွက်နဲ့ ရိုက်ခွဲပစ်ခဲ့
အလွမ်းတွေနဲ့မူးနေတော့ အရက်မမူးဘူး
ပွိုင့်ပျက်သွားတဲ့ ပွဲစားတစ်ယောက်
ပလာတာရိုက်မရတော့ အာလူးဖုတ်စားလိုက်ရသလို
တကယ်တမ်းကျ ငါ့အခန်းမှာ
ငါ့အလွမ်းကို ငါပဲအဖော်ပြု၇တယ်။

 စကားမစပ်
မင်းမမွေးမြူခဲ့တဲ့ အန္တရာယ်ကောင်လေးလေ
အခုအတော်ကြီးနေပြီပေါ့။ 

" အလွမ်းဓါတ်စာ၏ သင်ခန်းစာ"

မနက်လင်းတာနဲ့ သက်ပြင်းတခါချ
တားမ၇လို့ ဖွင့်ချပေးလိုက်တဲ့ဘဝဆိုတာ
သိပ်နူးညံ့သိမ်မွေ့တဲ့ ဂီတတခုပဲ
ဥပေက္ခာေ၇
ဗြမ္မာရ်စို တရားထဲမှာလေးဘက်သွားနေသရွေ့
တနေ့တခေါက် သတင်းစာရောက်လာသလို
အတိတ်တွေကို ငါကောက်ဖတ်လိုက်၇မပေါ့။

အတိတ်
ငါခတ်ခဲ့တဲ့ ကြက်ခြေခတ်ထဲမှာ
အနားသတ်တချို့ လှပဖို့ကြိုးစားတုန်း
ဒီမိုးအလွန်မှာမှငါထွန်ချခဲ့တာလားးးးး?
"ကျွန်မ နောက်ပြန်မလှည့်ဘူး"
"ကျွန်မ အစထဲကမချစ်ခဲ့တာ"
"ကျွန်မ မေ့ပစ်လိုက်ပြီ"

ဟုတ်တယ်
ငါက
ပင်လယ်ကို ထမ်းပြန်ဖို့ကြိုးစားခဲ့တဲ့တံငါသည်
ကောင်းကင်ကို နမ်းရှိုက်ဖို့ကြိုးစားခဲ့တဲ့အ၇ူး
င့ါလမ်းဆိုတာငါဆန့်သလောက် ရှည်တယ်
ငါ့အလွမ်းဆိုတာငါဖြန့်သလောက် ကျယ်တယ်။
မင်းက အေးအေးလေးထိလိုက်တာနဲ့ ငါရင်ပူတယ်
မင်းက ကလေးလေးငါချစ်လိုက်တာနဲ့ ငိုတယ်။

ဖုံးကွယ်ဖို့ မတတ်သာတဲ့လက်နှစ်ဖက်အတွက်
ခံစားချက်တွေ မျက်နှာမှာချယ်ခဲ့
တဖက်သတ်လို့တော့ မပြောပါနဲ့ကွယ်
ရေကြည် ရေနောက်ဆိုတာ
ပင်လယ်ပျောက် တံငါသည်တစ်ယောက်အတွက်
ဆေးဖက်ဝင်ခဲ့ပါရဲ့။

ဒီလိုနဲ့.......
မချစ်ဖူးခြင်းထဲမှာ အပ်ကျခြင်းအသံ
ကျယ်လောင်ပါကြောင်း သက်သေခံရန်မလိုသလို
တီးလုံးမထည့်ထားခြင်းမှာကဗျာဆန်သွားမယ်ထင်၇ဲ့
ငါ့ချစ်ခြင်းတွေ ဝုန်းဒိုင်းကြဲပြရန်မလို။


(ဦးသီ) 

Monday, March 25, 2013

စိတ်မကောင်းခြင်းရဲ့ စာမျက်နှာ


ကမ္ဘာကြီးကို ရဲရဲကြည့်ဖို့
အလင်းနဲ့ အမှောင်ဆိုတာ
မျက်ခွံနှစ်ခုက ထိန်းချုပ်နေသေးသည့်အတွက်
ပုပ်ရဟန်းမင်းကြီး အနားယူတဲ့မနက်က
ကျွန်တော့်မီးခြစ်လေး ဂတ်စ်ကုန်အောင်ဖြုန်းပစ်လိုက်တယ်။

သွေးအားကောင်းတဲ့ လူတွေဆိုတော့
အစား   မြန်တယ် 
အစာကြေ  လွယ်တယ်
ပြဿနာကို ခေါင်းခေါက်ရွေးနိုင်ပေမယ့်
မြောက်ကိုရီးယားလို စိန်ခေါ်ရဲဖို့
ဘယ်သူ့လက်သီးဆုပ်ထဲမှာ အားရှိပြီလဲ ?

လူသိရှင်ကြား ကိစ္စတွေထဲမှာ
ခပ်တည်တည်ဇာတ်မြှပ်နေဖို့ လွယ်ကူကြောင်း
ဘာသာရေး အားမကောင်းသရွေ့
ဂျာနယ်တွေ ရောင်းအားတက်ဖို့
ပြဿနာတွေ အားကောင်းလိမ့်မယ်ထင်ရဲ့။

ခလုတ်နှိပ်တိုင်း
မီး မလာဘူး
ငါတို့ဆီမှာ...............
ခလုတ်နှိပ်လိုက်တိုင်း တန်းခနဲထွက်တာ
ပြဿနာပဲရှိတယ်။

လောလောဆယ်
ကျွန်တော်တတ်နိုင်တာက 
ပြဿနာကို ရေလာမြောင်းပေး
တတ်နိုင်သမျှ သွေးထွက်သံယိုဆိုတော့
မွန်းတည့်နေအောက်မှာ အရိပ်ကောက်နေရသူများအတွက်
ဒီစာကို ဆေးလိပ်ပြာတချို့နဲ့ ခြွေချလိုက်ရတယ်။

25/3/13
6:56 PM 

Thursday, February 21, 2013

မပြီးဆုံးခြင်းမှာ တဝဲလည်လည်


မျှော်လင့်ခြင်းတွေလေ
လက်ဖဝါးထဲကကံတရားကြား ထိုးထည့်လိုက်ပြန်တော့
ဖြစ်ခဲ့တဲ့ကြေကွဲမှုတွေက
ငါ့လက်သီးဆုပ်ထက် ကြီးမားလို့။

အိမ်မက်နဲ့မျက်ခုံးမှာဆက်စက်မှုရှီနေသလား
အိမ်မက်တွေကြိုးမပြတ်ခင်ညက
မျက်ခုံးတွေ တလှုပ်လှုပ်နဲ့ကွယ်။

လွတ်လပ်ခွင့်တွေနဲ့ ထိုးတင်ပေးခဲ့တဲ့စွန်ကလေးရေ
ရစ်လုံးကို ခေါင်းခါသွားခဲ့ပြီပေါ့
ကျန်ခဲ့တဲ့ မင်းအရိပ်တွေကို
ရင်ထဲမှာ ချိတ်ပိတ်လိုက်ရတယ်။

မျှော်လင့်ခြင်းတွေနဲ့ဖမ်းချည်လို့ရတယ်ဆိုတာ
ငါ့အိမ်မက်တွေရှိရဲ့
ဖြစ်နိုင်သလောက် နေဝင်မီးပျောက် နေခဲ့ရ
ဒီလိုနဲ့  အမှန်တရားကိုခြေထောက်တပ်ဖို့
မနက်ခင်းတိုင်းမှာ အလွမ်းတွေရေသောက်ဆင်းနေတုန်းပဲ။

Wednesday, February 13, 2013

စွန့်ပစ်ခံတစ်ယောက်ရဲ့နောက်ဆုံးကဗျာ


မင်းကိုမှမရရင်ဆိုတော့ ငါဘာမှမယူခဲ့ဘူးပေါ့
မျှော်လင့်ချက်ဆိုတဲ့ သားကောင်အတွက်
ကျည်တောက်ထဲက မြှားတစ်ချောင်းကိုဆွဲထုတ်ဖို့
မုဆိုးရဲ့လက်တွေမှာ သွေးပျက်နေခဲ့ရပြီလေ။

အထီးကျန်ခြင်းတွေကိုပဲ 
၇င်ဘတ်ထဲကို ရှုသွင်းလိုက်တယ်
အတောင်ပံဖြန့်လိုက်ကွယ်
ရင်ဘတ်ထဲမှာ မနားနဲ့တော့ပေါ့။

အနာဂတ် 2 ဆိုပြီး 
ပစ္စပ္ပုန်ကိုဆေးထိုးမပစ်ချင်တော့လည်း
အမည်းရောင်ချည်းသက်သက်မို့
ဒီလူမှာလေ........
အဖြူတစ်စက်တောင် အစွန်းမခံနိုင်တော့ဘူး

ထူးထူးခြားခြားလေး နားစည်ထဲကို၇ိုက်ခတ်ချင်လို့
(ဟိုလိုပဲဆိုတဲ့)စကားသံတွေကို လိုက်ရှာခဲ့တာ
(ဒီလိုပါပဲဆိုတဲ့)လူတွေထဲမှာ ဆယ်စုနှစ်တခုကျပျောက်ခဲ့တယ်။

ခေါင်းတချက်ခါကွယ်
သက်ပြင်းတချက်ထုတ်
အတိတ်အားလုံးက တမဟုတ်ချင်းပျောက်ကွယ်ရမပေါ့။

ပတ္တမြားမှန်ရင် နွံမနစ်ဘူးဆိုတိုင်း
ပင်လယ်မှန်ကြောင်း အငွေ့ပျံပြခဲ့တယ်
ဒီလိုပဲပေါ့ကွယ်.........
ကံကြမ္မာဆိုတာ ငါ့အတွက်
ခပ်ညစ်ညစ် အဖြုရောင်တခုပေါ့
ပွဲပယ်တာတွေများလွန်းတော့
အနီရောင်မြင်တိုင်း မုန်းမိတာ
ကျွဲရိုင်းတစ်ကောင်ရဲ့ အပြစ်လို့ပဲဆိုကြပါအုံးစို့။

ကြာတော့လည်း 
အိမ်မက်ထဲမှာ လမ်းသလားဖို့
တချို့အမှန်တရားတွေကို ငါကြောက်နေရပြန်ရော။

Monday, February 11, 2013

ကြောင်တောင်တောင်ညရဲ့ ခပ်နွမ်းနွမ်းအလွမ်းများ


ညများအားလုံးတွင် ယနေ့ညသည် ကျွန်ုပ်အဖို့အတော် ကြောင်တောင်တောင်နိုင်လှသောညပင်ဖြစ်ပေသည်။အခြားသူများအတွက်  တော့မသိ။ ကျွန်ုပ်အဖို့တော့ မျက်စိမှိတ်၇်ျ အိပ်မပျော်ပါက အရမ်းတင်းတတ်ပေသည်။  ဗိုက်ဆာရ်ျအိပ်မပျော်တာပါဟုတွေးရင်း သေချာစေရန်
ရေတစ်ခွက်ထသောက်လိုက်သော်လည်း စိတ်တွေက ဟိုပြေးဒီပြေးဖြစ်နေသည်။အခန်းဖော်အား အားနာသောကြောင့်တောက်တစ်ချက်ကို
အသံတိတ်ခေါက်လိုက်ရင်း ပြေးနေသောစိတ်အား လွှတ်ထားပေးလိုက်တော့သည်။
ဖြတ်သန်းနေသောနေ့ရက်များ
၁၅ထပ်၏ နောက်ဘက်ခြမ်းတွင် ရှိနေသောကျွန်ုပ်အခန်းအား နေမင်းသည် မောနင်းပါဟု မနှုတ်ဆက်သော်လည်းဘိုင်ဘိုင်ဟုသာနှုတ်ဆက်
သွားတတ်ကြောင်း သိခဲ့သည်မှာအတော်ကြာခဲ့ပါပြီ။နေ့စဉ်ပင် မြန်မာလူမျိုးတစ်ယောက်အဖို့ ထူးခြားသောနိုင်ငံခြားသားများ၏ ထူးဆန်းသော
စကားလုံးများ အသံထွက်များကို ထူးဆန်းစွာသင်ကြားနေရသော်လည်း ဖြတ်သန်းနေရသော နေ့ရက်များကတော့ အံ့သြဖွယ်ကောင်းစွာ ပုံမှန်ပင်လည်ပတ်နေရသည်မှာ အချိန်အတန်ပင်ကြာခဲ့ပေပြီ။ဝမ်းသာစရာတစ်ခုတော့ ရှိသည်။ကျွန်ုပ်တို့ပြောသော စကားများအား မည်သူမျှ
နားမလည်ခြင်းပင်။လွတ်လပ်မှုဆိုသည်မှာ မည်သည့်အရာဟု တစ်ခါမျှမတွေးဖူးသော်လည်း လွတ်သည့်နေရာလွတ်ရ်ျ လပ်သည့်နေရာ လပ်နေသည်ဟု အကြမ်းဖျဉ်းတော့ တွေးမိခဲ့ပါသည်။ကျွန်ုပ်အင်တာနက်သုံးပါသည်။ထို့ကြောင့်လွတ်လပ်မှုအား ယခုလိုထုတ်ဖော်လိုက်ခြင်း
မဟုတ်ပါပေ။လွတ်လပ်မှုအား ကိုယ့်အယူအဆနှင့်ကိုယ်သာ နားလည်သဘောပေါက်ကြပါကုန်။အဘယ်ကြောင့်ဟုဆိုရအံ့သော် လူတို့သည် အသက်ကြီးလာသည်နှင့်အမျှ အတွေးအခေါ်အယူအဆများ ခိုင်မာလာတတ်ကြသည်ဟု ထင်မိပေသည်။ အသက်ကြီးသည်နှင့်အမျှ ခေါင်းမာ
လာသည်လားတော့ မပြောတတ်ပေ။ ကျွန်ုပ်လည်းလည်းခေါင်းမာသည်ဟု ကိုယ့်ဘာသာသတ်မှတ်ထားသည်။ သို့သော် မည်မျှမာသနည်းဟု
တော့ တစ်ခါမှမစမ်းသပ်ကြည့်ရဲဘူးပေ။ဖြစ်နိုင်ခဲ့မည်ဆိုလျှင်တော့ ပုံမှန်လည်ပတ်နေရသော ဘဝအားပြောင်းလဲပေးချင်သည်။သို့သော်
ပြောင်းလဲမှုဆိုရ်ျ ကျွန်ုပ်၏အင်္ကျီအဟောင်းတစ်ထည်မှ ကြယ်သီးအဟောင်းတစ်လုံးအား အနွေးထည်ဖုံးပြီးဝတ်နေသည်မှာပင်  အတော် ကြာခဲ့ပြီဖြစ်သည်။ဖြစ်နိုင်မယ်ဆိုလျှင်တော့ စိတ်တစ်ခုလုံးပါ ပြောင်းလဲချင်လိုက်သေးသော်လည်း မပြောင်းလဲပဲမက်နေသော အိမ်မက်နှင့်
မပြောင်းလဲပဲချစ်နေသော ချစ်သူတစ်ယောက်ရှိနေသည်ဟု ဝန်ခံချင်ပါသည်။လူတို့သည် အတိတ်ကိုတွေးပါက ပျော်ရွှင်ကြည်နူးစရာများ ကိုသာတွေးမိတတ်ရ်ျ အနာဂတ်ကိုတွေးပါက စိုးရိမ်ထိတ်လန့်စရာများကိုသာတွေးတတ်ကြောင်း စာအုပ်တစ်အုပ်မှ လေ့လာဖူး၏ ။ထို့ကြောင့်လူသားထဲမှ ကျွန်ုပ်သည် လူသားဆန်စွာပင်အတိတ်မှပျော်ရွှင်ကြည်နူးစရာများသာရွေးရ်ျ တွေးမိတတ်ပါသည်။      မတွေးမိပါကလည်း မချစ်တော့ရ်ျမဟုတ်ကြောင်း မိမိဘာသာထောက်ခံမဲပေးရင်း ကျေနပ်နေပါသည်။
အသက်ကြီးလာသည်နှင့်အမျှ လူပေါင်းများစွာနှင့် ထိတွေ့ဆက်ဆံဖြစ်လာသည်။ရေစက်ဟုခေါ်ရမလားတော့မသိ။ထို့ကြောင့်ပင် လူမှုရေးဆိုသော ဘာသာရပ်တစ်ခုအား အချိန်ပိုယူရ်ျ သင်ကြားနေရပေသည်။လူမှုရေးဘာသာရပ်အား သင်ကြားထားစ၇ာမလိုဘဲ   ပေါင်းသင်းဆက်ဆံဖြစ်သည်မှာ မိဘဆွေမျိုးနှင့် ချစ်သူသာလျှင် ဖြစ်နိုင်သည်ဟု တွေးမိပါသေးသည်။ဖြစ်နိုင်လျှင် အာဒံနှင့်ဧဝ တို့လို လူမှုရေးမရှိဘဲ နေလိုက်ချင်သည်။ သို့မှသာ ကျွန်ုပ်သည် ချစ်သူအားပြိုင်ဖက်မရှိ တစ်ဦးတည်းမောင်ပိုင်စီးနိုင်မည်ဖြစ်သလို ကျွန်ုပ်မှာလည်း ပူပန်ရခြင်း သဝန်တိုရခြင်း ၊လွမ်းဆွေးရခြင်း၊ခွဲခွာရခြင်းစသော "ခြင်း"ပေါင်းများစွာမှ လွတ်ကင်းစွာ နေထိုင်နိုင်မည်မဟုတ်ပါလား။ သို့သော် ယခုတော့ ကျွန်ုပ်လွမ်းနေရသည် ။ကျွန်ုပ်၏အလွမ်းအား ဖွင့်ဆိုရပါလျှင် လွမ်းလွန်းသောကြောင့် လူပင်လျှင် နွမ်းနေသည်မှာ တစ်ရာတန်ခပ်နွမ်းနွမ်းအား ကုတင်ပေါ်တွင်ပစ်တင်ထားသကဲ့သို့ တွန့်ကြေနေစွာလွမ်းမိပါသည်။သနားမည့်သူ မလိုအပ်သော်လည်း အားရှိနေသရွေ့တော့ဖြင့် လွမ်းမိနေပါအုံးမည်။ကျွန်ုပ်စဉ်းစားမိတာတစ်ခုရှိသည်။ကျွန်ုပ်တို့လူသားတွေသည် မြတ်စွာဘုရားမှလွဲရ်ျ မိမိ၏မိဘကို ရွေးချယ်ပိုင်ခွင့်မရှိသလို မိမိ၏သားသမီးများကိုလည်း ရွေးချယ်ပိုင်ခွင့်မရှိဟုပင်။သို့သော် မိမိ၏အိမ်ထောင်ဘက်အား မိမိဘာသာရွေးချယ်ကြကုန်သည်ဖြစ်သော်လည်း အဆင်မပြေဖြစ်မှုအား သနားမိပါတော့သည်။ကံတရားမှပေးသော ချစ်သူဟုပင်ကနဦးအမည်တပ်ကြမည်ထင်သည်။ မိမိရွေးချယ်ထားသည်ဟုဆိုလျှင် ပိုရ်ျပင် မှန်ကန်ပါသလော။ထို့ကြောင့် ရွေးကြသည် ချယ်ကြသည်ပေါ့။ငယ်ရွယ်စဉ်လူငယ်များမှာတော့ မျက်စိဖြင့်ရွေးခြင်းက ပိုရ်ျများမည်ထင်ပါသည်။ဆက်ရ်ျလင်းရသော်လူတို့၏မျက်စိသည် အတော်ဂနာမငြိမ်မှန်း တွေးကြည့်မိသဖြင့် ကျွန်ုပ်တော်တော်လန့်သွားသည်။အံ့သြစ၇ာကောင်းပါသည်။ပတ်ဝန်းကျင်အကုန်လုံးအား လိုက်ကြည့်မိတတ်သလို အနီးအနားမဟုတ်ပါက မမြင်ရသော်လည်း နားစွင့်မိတတ်ကြောင်း နားလည်သဘောပေါက်သွားပြီဖြစ်သည်။ ယခုလိုတွေးမိပါက ငယ်ရွယ်စဉ်ကလေးများပင် ရည်းစားနည်းအံ့မထင်တော့ပေ။မျက်စိဖြင့်သာရွေးတတ်သော ကလေးတစ်ယောက်၏ ထိတွေ့နေသောပတ်ဝန်းကျင်သည် အတိုင်းအတာတစ်ခုထိသာ ကျယ်ပြန့်ပေမည်။ထိုသို့ဆိုရလျှင် ထိတွေ့မှုပတ်ဝန်းကျင် ကျယ်ပြန့်လာသည်နှင့်အမျှ ရွေးချယ်မှုသည်များပြားလာမည်ထင်သည်။ဖွံဖြိုးလာသောအသိဥာဏ်ကြောင့်ပင်လော။အဘယ်ကြောင့်ဆိုသည်ကို     မသိသော်လည်း ရွေးချယ်မှုများပြားလာတတ်ကြောင်း ပတ်ဝန်းကျင်မှ အာမခံနေသည်။ကျွန်ုပ်အထင် ချောင်တစ်ချောင်အတွင်းပုန်းအောင်း   နေရမည်ဖြစ်သော သစ္စာတရားအားလွန်စွာသနားမိပါတော့သည်။လူဆိုသည့်မှာစသည်ဖြင့်အဓိပါယ်အမျိုးမျိုးဖွင့်ထားသည်ကိုတွေ့မိသဖြင့်   
သဘောကျရာတစ်ခုကိုပဲ ကျွန်ုပ်ရွေးမှတ်ထားမိသည်။ထို့ကြောင့်လူပီသစွာ ပြုကျင့်ချင်ပါသည်။ တိုးတက်လာသောခောတ်အရ   တောင်းဆိုမှုတွေများပြားလာပါသည်။
ကျွန်ုပ်မလုပ်ပေးနိုင်သောအရာများ တနေ့တခြားများပြားနေမှန်းသိသော်လည်းကျွန်ုပ်ပိုင်ဆိုင်သော တီဗွီလေးတစ်လုံးတောင် (ပျက်နေသဖြင့်)အဝတ်ဖြင့်ဖုံးထားသည်မှာ အချိန်မည်မျှရှိနေပြီကို ချစ်သူအားမပြောပြချင်ပါ။သူမ၏စိတ်ကို မပြောင်းလဲနိုင်ခဲ့သလို ကျွန်ုပ်၏အလွမ်းများလည်း မပြောင်းလဲနိုင်ကြောင်း သူမ သိနိုင်ကောင်းပါ၏  ။ကျွန်ုပ်မေ့ထားတတ်သည်မှာ အကြွေးများသာဖြစ်ရ်ျ အရာအားလုံးအား သတိရနေတတ်ပါသည်။မပြောင်းလဲနိုင်ခဲ့မှုများအား စိတ်မကောင်းသော်လည်း ခံစားချက်ကောင်းကောင်းဖြင့်တော့ လွမ်းတတ်ကြောင်း တွေ့လျှင်ပြောပြချင်ပါသေးသည်။ဘုရားမရှိခိုးဖြစ်သော်လည်း ကျွန်ုပ်ရင်ထဲတွင် ဘာသာတရားရှိကြောင်း၊ မတွေ့မမြင်ရတော့သော်လည်း ကျွန်ုပ်ရင်ထဲတွင် အချစ်ရှိကြောင်း သူမ သိနိုင်ကောင်းပါသည်။ကျွန်ုပ်မလုပ်ပေးနိုင်သော အရာများအတွက် မိဖုရားကြီးကျေနပ်စေရန် အရှင်အဇ္ဖဂေါဏ၏ ဓါတ်လုံးသာဖန်တီးပေးချင်မိပါသည်။နိဂုံးချုပ်ရသော် ကြောင်တောင်တောင်ည၏တရားခံမှာ  ခပ်နွမ်းနွမ်း အလွမ်းများသာဖြစ်တော့သည်။ထို့အပြင် အရာအားလုံးအားလွမ်းမိသော်ကြောင့် ယခုကဲ့သို့အချုပ်အားဖြင့်ဆိုလိုက်ချင်ပါသည်။
ကျွန်ုပ်၏ တနေ့တာ ထမင်းဟင်းကိုပင် ကောင်းကောင်းမစားနိုင်ပဲ အလျှင်းသင့်သလို ချက်ပြုတ်စားသောက်နေရသောကြောင့်   ရေစက်ပါခဲ့သောသူများအားလည်း အလျှင်းသင့်သလို လွမ်းမိပါသည်။

Saturday, February 9, 2013

‎"ရွေ့သွားသော လှေ"

ခပ်ညံ့ညံ့ တောင်းပန်တိုးလျှိုးနေရသူတစ်ယောက်
စကားလုံးတွေပဲလားဆိုတိုင်း
အချစ်ပါသေးကြောင်း
သူမရဲ့မယုံကြည်မှုတွေထဲမှာ ဒိုင်ဗင်ထိုးချရဲသရွေ့
ငါ့စိတ်မှာ မင်းရှီသရွေ့
င့ါနှာခေါင်းနဲ့ ငါအသက်ရှုနိုင်သရွေ့
ငါ့လက်တွေ နှလုံးသားပေါ်တင်နိုင်သရွေ့
တရားတော်တွေထဲက ဥပေက္ခာကိုငါမုန်းခဲ့။

လှေကလေး နေရာရွေ့သွားပြီတဲ့
ဓါးထစ်ထားခဲ့တဲ့ လှေနံရံပေါ်က
မညီမျှခြင်း အချစ်တွေကို
မယုံကြည်ခြင်းတွေနဲ့ သူမပွတ်သပ်ပြခဲ့။
တကယ်တော့လည်း
သူမအကြောင်းတွေးလိုက်တိုင်း
ခပ်ဝိုင်းဝိုင်း သုညတွေလောက်နဲ့
ကျွန်တော့်လက်တွေ နေသားကျပစ်လိုက်တယ်။

ခပ်ညံ့ညံ့ တောင်းပန်သံတွေ
ခပ်တိုးတိုး ကြေကွဲသံတွေနဲ့
ခပ်ရူးရူး မနက်ဖြန်တွေကို
သက်ပြင်းတချက်နဲ့ ကြိုလင့်ခဲ့၇င်း
ကိုယ်ဖော်စပ်တဲ့ အဆိပ်ကို
တချိန်လုံး ထိုင်သောက်နေရတာလောက်
မိုးတိမ်တွေကို ပြန်လာပါလို့
အော်ပြောနေရတာလောက်
2013 အချစ်တွေကို
နှလုံးသားတခုလုံးနဲ့ ခုတ်မောင်းနေရတာလောက်
..............
..............
...............
မီးနာမှသံကောင်းမည်ဆိုသော စကားလုံးများပေါ်တွင်
သံယောဇဉ်များ ကောက်တင်ခဲ့ရကြောင်း။

Sunday, February 3, 2013

".........ကမ္ဘာဆွဲအားမဲ့ တစ်ရှုး ............."

သူမပစ်လွှတ်လိုက်တဲ့
စက္ကူစွန်ကလေးပေါ့
ခွန်အားမရှိခဲ့လေတော့
လူတွေကြားမှာ ဝေ့ခနဲ ဝဲခနဲ
ပျော်ချင်ယောင်ဆောင်ခဲ့ရ
မနက်ဖြန်တိုင်းမှာလေ..........။

လက်ကျန်.......................
ဘာမီတွန်တပြားကိုဝါးစားဖို့
အိမ်မက်ဆိုးတွေက ငါ့ကို
တားနေကြသေးတယ်....။

အကောင်းဆုံးတွေကိုမှ
မမြင်ရခဲ့ရင်
အဆိုးဆုံးတွေနဲ့ပဲ 
ငါ့တကိုယ်လုံး လိမ်းကျံပစ်"ရဲ"ရမှာလား?
မင်းနဲ့ပတ်သက်တဲ့အရာတိုင်း
(ငါ့သတ္တိ)အရောင်ကိုတိုင်းဖို့
သွေးဖောက်ရတိုင်း ငါလန့်နေတုန်းကွယ်။

တွန်းအားမရှိတဲ့ နှလုံးသားမို့
ငါ့သွေးတွေ လေးတယ်
ခန္ဓာကိုယ်တစ်ခုလုံး နုံးချိနေရ
လုံးချေထားတဲ့ တစ်ရှုးအစုတ်အတွက်
အမှိုက်ပုံးက ပြုံးပြနေလေရဲ့။