Saturday, June 14, 2014

"ကြီးကောင်ဝင်သော ဘဝ"

ပြင်းရှလွန်းတဲ့ ငယ်ဘဝတွေ
ရိပ်ခနဲ ကုန်လွန်ရင်း
ချစ်လှစွာခဲ့ဖူးသော အရာတွေ
အဖတ်လိုက် ကွာကျတော့
ဘဝက လူလားမြောက်လာတယ်။

ပြန်ဆုံရင်
ထမင်းလက်စုံစားမယ်
သံယောဇဉ်တွေ ထိခတ်မယ်
မေတ္တာတရားခြင်း လွန်းတင်မယ်ဆိုတိုင်း
သတိရကြောင်း အမှာစကားတွေက
ပြန်မဆုံသေးကြောင်း လက်ခမောင်းခတ်နေတယ်။

တချိန်လုံး
အနေဝေးခြင်းတွေ
သမန်းညက်အောင် ကြီးကောင်ဝင်နေတော့တာပဲ။

မပြောပါနဲ့အုံး
အကုသလော ဓမ္မော
မမောနိုင်သေးဘူး ဘဝရေ
အရာတိုင်းဟာ ပေါက်ကွဲလွယ်နေတုန်း။

ရွှင်လန်းချမ်းမြေ့ပါစေ.........တဲ့
ရိပ်ခနဲပြခဲ့တဲ့ လက်တွေ
ပုခုံးပေါ်က ဝန်အတွက်
ယဉ်ယဉ်လေးနဲ့ ပျောက်ဆုံးသွားခဲ့တယ်။

(ဦးသီ)

"ကန်ထုတ်မိသော အကြောင်းအရာများ (၁၀)"

အယူအဆ မတူတိုင်းသာ
ပစ်ကြကြေးဆို
ငါ့သေနတ်ကလေး
မီးခိုးတွေအူနေရော့မယ်။

"ရွှေပြည်တော် မျှော်လေတိုင်းဝေးပေါ့"
လူတိုင်းက
သွေးနဲ့သံနဲ့ အရွယ်
လူကြီးဆန်ခြင်းမှာ
မိုက်မဲစွာ ကြီးပြင်းလာသူရှိမယ်။

"ရုပ်ထွက်မကောင်းလည်း
စိတ်ထွက်ကောင်းပါကွယ်"
ဘာမှမလွယ်တဲ့ အခါ
စကားလုံးတွေ ပေါပေါပဲပဲ
လွယ်လိုက်ကြတာပေါ့။

ရေရောရင် မမူး
လူရောမှ မူးတဲ့
အသက်ငင် ဆက်သွယ်ရေး
မိုးထဲ လေထဲမို့
ပိုဇွဲကောင်းသတဲ့။

ဖိုးပွိုင့်ဖိုက် ဘီလီယံ
ကမ္ဘာကြီး
နားညည်းနေလောက်ပါပြီ။

ဘုန်းကြီးပွဲ
လုနေကြအတွေးနဲ့
စာအုပ်ရေးမယ်ဆိုသူ
ကမ္ဘာကြီးကို ကယ်တင်ဖို့အရေး
လိုင်းပေါ်က ဆင်းပြေးသွားတယ်။

တမြေတည်း တရေတည်း
တသွေးတည်း တသားတည်း
သွေးဘယ်နှစ်စက်
သားဘယ်နှစ်ယောက်
ပျောက်ဆုံးခဲ့ပြီလဲ။

အမေ့ဆီက နွားလေး
အိမ်နီးချင်းတွေ ဆွဲသွားဘီ
အမေ့ဆီက နားကပ်လေး
အနောက်ဘက်ဆီ ပြေးနေသတဲ့
ငါ့စကားနွားရ
ထိုးပြဖို့လက်ညှိုး
အိတ်ကပ်ထဲ ထိုးထားရတယ်။

ဆွဲသူ တစ်ဖက်
နှစ်သူ တစ်ဖက်
ဒီလက်တွေကြားမှာ
ရေကြည်သောက်သူများ
မအိပ်တဲ့ မြို့ပြဆီ
စီးဆင်းသွားကြပြီ။

တောရှင်း တောင်ရှင်း
လူရှင်းသွားတဲ့မြို့တွေ
မပြီးဆုံးခင်
ဗမာမမြင်စေချင်ဘူးတဲ့။

ကမ္ဘာကြီးက
မဟတဟ ရယ်တဲ့အခါ
အဆုပ်လိုက် အထွေးလိုက်
ငါတို့ပြန်ပေးဆပ်ရလိမ့်မယ်။

တကယ်တော့လည်း
ညှိတွယ်မှုတွေ
မထားတော့တဲ့အခါ
ဘယ်ရယ်သံကမှ
ငါ့စိတ်ကို မလှုပ်ခါနိုင်တော့ပါဘူး။

ဦးသီ

Monday, January 6, 2014

"ငါ့အသက်ကို ကဗျာနဲ့ထုပ်တဲ့အခါ"

ငါ့အသက်
အစိတ်-သုံးဆယ်နဲ့
ဘာမှ ဝယ်လို့မရအောင်
လောက,က ကျယ်သွားပြီ။

ခပ်တည်တည်ပဲ
ရင်ထဲက ဇလီဖာတုံးတွေ
ပြုတ်-ပြတ်-ထွက်အောင်
ခုနှစ်တွေ တဝေါဝေါနဲ့ တက်ကြိတ်သွားတော့
အရေပြားက အယားပြေတယ်။

ဘာမှတော့မဟုတ်ဘူး
ပြန်ကြည့်ရင်............
"တဘဝလုံးစာ တနာရီခွဲ"
လိုတာတွေဖြည့်တင်းထားနိုင်မှ
လိုရင်းရောက်မယ်။

သတ္တဝါတွေ
လူချွတ်မှကျွတ်တယ်
လွန်ခဲ့သောဆယ်ငါးနှစ်
အခု
လူတွေကို လူကချွတ်ကြပုံများ
ဗုံးတလုံး=လူဆယ့်ငါးယောက်။

မေတ္တာတရားတွေ
ဖွေးဖွေးလှုပ်ပြတာထက်
 ဖြူဖြူစင်စင်ပဲလိုတယ်
ဒီလိုနဲ့ ရှေ့ဆက်လျှောက်
"လမ်းလျှောက်ခြင်းက လူရယ်လို့ဖြစ်တည်လာစေတယ်"။

မျက်နှာမူရာ
ခေတ်ပေါ်.............
ခေတ်ပေါ်...........
ခေတ်ပေါ်.........နဲ့
အဲ့ဒီခေတ်ကို "ပေါ်"ပေးစမ်းပါ
မြည်းစမ်းကြည့်ချင်လို့။

တကယ်တော့လည်း
သက္ကရာဇ်တွေကချည်း
အပေါ်စီးက အပြီးဆော်နေကြတာပါ
ဟောတနှစ်.........ဟောတနှစ်။

ဒီလိုနဲ့ လူဖြစ်လာတယ်
အသက်က ပေမှီဒေါက်မှီ
ကွာလတီပဲ လိုရင်လိုမယ်
"သား ကြီးလာရင်ဘာလုပ်မှာလဲ?"
အကုသိုလ်ကြီးလုပ်မယ်လို့ မဖြေခဲ့မိပါဘူး။

(ဦးသီ)

Monday, December 30, 2013

"ပျားရည်မဲ့ ည"

အိပ်မရတဲ့ မျက်လုံးတစ်စုံက 
စိုးရိမ်မှုတွေ သပ်ချလိုက်တော့
ညက
ညင်ညင်သာသာအကျဉ်းကြသွားတယ်။

ညပါးပြင်က ပျားရည်တစက်ကို
တပ်မက်မိတိုင်း 
ငြိမ်နေရင်း ငါ...
ခဏတိုင်း လဲကျတယ်
ဒဏ်ရာတွေထဲမှာ အသက်ရှု ရဲရတယ်။

မငြင်းဆန်ပါဘူးကွယ်
ပျားရည်ငတ်တဲ့ အရူးတကောင်မို့
ဒါဟာ.............
အာသီသလို့ ငြင်းမယ်
အာဟာရလို့ ငြင်းမယ်
ရုန်းရင်း ကန်ရင်း
ငြင်းရင်း ဆန်ရင်း
ညက အဆိပ်သင့်နေတာပါ
ညက လောင်စာမဲ့တောက်လောင်လွန်းတာပါ
ညက မြီးကောင်ပေါက်မလေးလို ဓါးထက်လွန်းတာပါ
နံနက်ခင်းတိုင်းကို
ပြတ်ရှရာတွေနဲ့ တန်ဆာဆင်လိုက်ရတယ်
ဓါးသွားပေါ်မှာ ပျားရည်မရှိခဲ့ဘူး ။

(ဦးသီ)

"တနင်္ဂနွေနတ်သမီးနဲ့ စီးချင်းထိုးပွဲ"

ငါးမရသရွေ့ ရေစိုမခံသူ
တံလျှပ်ရဲ့ အလှတရားတွေမြင်နေသေ၇ွ့
ရေလိုက်လွဲနေအုံးမယ်။

တကယ်တော့
ငါတို့က စွန်တွေ
မင်းကြိုးပေါ်မှာ ငါ
ငါ့ကြိုးပေါ်မှာ မင်း။

တနေ့က သတင်းစာမှာ
မှတ်ကျောက်လိုကြောင်း ဖတ်လိုက်ရ
ဖယောင်းက ရွှေကိုလား
ရွှေက ဖယောင်းကိုလား
မင်းက မင်းပီသဖို့
ငါက ငါပီသဖို့။

တကယ်ဆို ဘာမှကိုမလိုဘူး
ခေါင်းလွှဲဖို့ပဲလိုတယ်
မသိခြင်းတွေကို
မသိနိုင်တော့လောက်အောင်။

တယ်လီဖုန်းကြိုးတွေနဲ့ ချိတ်ဆက်ထားမှုက
လျော့ရဲရဲ နိုင်လွန်းလာတိုင်း
စိတ္တဇနမ်တွေ လေသလပ်ခံပေးရ။

သံယောဇဉ်နဲ့သာ ရေတိမ်နစ်စတမ်းဆို
မင်းလည်း သေ
ငါလည်း သေ။

အခု
ငါ့အထီးကျန်မှုရဲ့ အခုအခံ
တနင်္ဂနွေရဲ့နတ်သမီးနဲ့
သောကြာထောင့်မှာ စီးချင်းထိုးဖြစ်တယ်
နိုင်သူက ရှုံးသူကိုယူရုံပဲ။

(ဦးသီ)

"လွဲ"

အက္ခရာစဉ်လွဲခဲ့တာ
သက္ကရာဇ်တွေက
ခေါင်းညိမ့်ခေါင်းခါ ဖြေသွားကြတော့
အသက်ရှုနေရပုံက
လေထုထဲမှာ ကျောက်ခဲပါတယ်။

စကားလုံးတွေယုံကြည်မိခဲ့
တပတ်လည်လို့ပြောရဲ့
တကျော့ပြန်လို့ပြောရဲ့
မွန်းတည့်နေ အောက်မှာအရိပ်ကောက်/စောင့်မိတော့
ရေနဲ့ လွဲတယ်
တံလျှပ်နဲ့ လွဲတယ်။

တေ့လွဲလို့ သာသာထိုးထိုးမဆိုပါနဲ့
ကီးကြောင်သီချင်းထက် ဘာမှမပို
ကိုယ့်စိတ်ကိုယ် ဖွင့်မရတဲ့အထိသာပိတ်ပါ။

တနေ့မှာ
မင်းနဲ့လွဲတာကမ္ဘာနဲ့လွဲသလောက်ရှိတယ်ပြောမိရင်
ခြောက်ခြားထိတ်လန့်ခြင်းတွေနဲ့
ရင်ဘတ်တခုလုံး ရင်းနှီးကျွမ်းဝင်စွာ
တဒိတ်ဒိတ်မှသည် တဒိုင်းဒိုင်းဆီသို့
ဆုံးရှုံးခြင်း၏အခြားမရှိလို့ရေးတိုင်း
...မှတပါးလို့ ရေရွတ်နေလိုက်မယ်။

(ဦးသီ)


စကားလုံး တထောက်

ရင်ထဲမှာ
ဒီရေလို တလိပ်လိပ်တက်လာတိုင်း
ခံစားချက်တွေလေ
လေချိန်အတက်မှာ ပြန်မထွက်ဘူး။

ဇက်ချိုး ခေါင်းချိုးနဲ့
အမူးတွေမကျိုးတော့ဘူးဆိုတော့
ကိုယ့်ကိုကိုယ်မီးပိတ်
အိပ်ဖို့ပဲလိုတော့တယ်။

မင်းသိပ်မုန်းတဲ့
ဘာဂါလို
ငါတို့ကြားမှာ......
ဒဏ်ရာတွေခံနေရုံပါပဲ။

သိပ်ကြောက်ဖို့ကောင်းတယ်ကွယ်
စပါးလုံးတစ်ထောက် မနီးခဲ့တော့
စကားလုံးတထောက်မှာ
ငါ့ကိုယ်ငါ ပျောက်ရှပစ်ခဲ့ရ။

(ဦးသီ)