Friday, December 28, 2012

တနေ့တော့

လွှတ်ချထားခဲ့တယ်
ဘာအစွဲအလန်းကိုမှ မခြုံထားမိတော့
ကျုပ်က ဝတ်လစ်စလစ်ကြီးပေါ့။
ကိုယ့်ခန္ဓာကိုယ်ပေါ်က
အကုသိုလ်တွေကို ခါမချနိုင်သေးသရွေ့
သူများအပြစ်ကို လက်ညှိုးထိုးဖို့
ကျုပ်တော့ သွေးမရဲဘူးကွယ်။
မိတ်ဆွေရေ
ကမ္ဘာပေါ်မှာ ရှင်သန်နေတဲ့အပင်ငယ်ခြင်းအတူတူ
ကိုယ့်အိုး/ကိုယ့်မြေနဲ့
သဘာဝရဲ့လေကို ကျုပ်တို့တွေရှုနေလို့မရဘူးလား?။
ရဲဝင့်ငြိမ်းချမ်းစွာ စီးဆင်းပစ်လိုက်ပါ
ခင်ဗျား မတိမ်ကောသရွေ့
ကျုပ် မတိမ်ကောသရွေ့
မြစ်ထဲမှာဖြစ်ဖြစ် ပင်လယ်မှာဖြစ်ဖြစ်
သံသရာရှည်သလောက်တော့ ဖြစ်တည်နေရအုံးမှာပဲလေ။
ဝလုံးတစ်လုံးလို နေလိုက်ပါကွာ
"ဓ"ဖြစ်သွားလိုက် "စ"လုံးဖြစ်သွားလိုက်
အလင်းထဲမှာ အလင်းမဲ့နေသူတွေလို
အနှစ်သာရ အငှားချခံနေရသူလို
သူများလာကပ်တဲ့ အက္ခရာအတွက်
မင်း အနှစ်သာရကင်းမဲ့မပစ်ပါနဲ့လေ။
မင်းအတွေးအခေါ်တွေကို တချို့လူတွေပေါ်ပစ်တင်လိုက်တော့
ရင်ဘတ်မှာ သူရဲကောင်းတံဆိပ်လာကပ်ချင်ကပ်မပေါ့
မဝံ့ကြွားချင်ပါနဲ့
အောက်ဆီဂျင်ကို မရှုနိုင်တဲ့တနေ့
အရာအားလုံးက ခြောက်သွေ့သွားရတာပါပဲ။

No comments :