Monday, January 6, 2014

"ငါ့အသက်ကို ကဗျာနဲ့ထုပ်တဲ့အခါ"

ငါ့အသက်
အစိတ်-သုံးဆယ်နဲ့
ဘာမှ ဝယ်လို့မရအောင်
လောက,က ကျယ်သွားပြီ။

ခပ်တည်တည်ပဲ
ရင်ထဲက ဇလီဖာတုံးတွေ
ပြုတ်-ပြတ်-ထွက်အောင်
ခုနှစ်တွေ တဝေါဝေါနဲ့ တက်ကြိတ်သွားတော့
အရေပြားက အယားပြေတယ်။

ဘာမှတော့မဟုတ်ဘူး
ပြန်ကြည့်ရင်............
"တဘဝလုံးစာ တနာရီခွဲ"
လိုတာတွေဖြည့်တင်းထားနိုင်မှ
လိုရင်းရောက်မယ်။

သတ္တဝါတွေ
လူချွတ်မှကျွတ်တယ်
လွန်ခဲ့သောဆယ်ငါးနှစ်
အခု
လူတွေကို လူကချွတ်ကြပုံများ
ဗုံးတလုံး=လူဆယ့်ငါးယောက်။

မေတ္တာတရားတွေ
ဖွေးဖွေးလှုပ်ပြတာထက်
 ဖြူဖြူစင်စင်ပဲလိုတယ်
ဒီလိုနဲ့ ရှေ့ဆက်လျှောက်
"လမ်းလျှောက်ခြင်းက လူရယ်လို့ဖြစ်တည်လာစေတယ်"။

မျက်နှာမူရာ
ခေတ်ပေါ်.............
ခေတ်ပေါ်...........
ခေတ်ပေါ်.........နဲ့
အဲ့ဒီခေတ်ကို "ပေါ်"ပေးစမ်းပါ
မြည်းစမ်းကြည့်ချင်လို့။

တကယ်တော့လည်း
သက္ကရာဇ်တွေကချည်း
အပေါ်စီးက အပြီးဆော်နေကြတာပါ
ဟောတနှစ်.........ဟောတနှစ်။

ဒီလိုနဲ့ လူဖြစ်လာတယ်
အသက်က ပေမှီဒေါက်မှီ
ကွာလတီပဲ လိုရင်လိုမယ်
"သား ကြီးလာရင်ဘာလုပ်မှာလဲ?"
အကုသိုလ်ကြီးလုပ်မယ်လို့ မဖြေခဲ့မိပါဘူး။

(ဦးသီ)

Monday, December 30, 2013

"ပျားရည်မဲ့ ည"

အိပ်မရတဲ့ မျက်လုံးတစ်စုံက 
စိုးရိမ်မှုတွေ သပ်ချလိုက်တော့
ညက
ညင်ညင်သာသာအကျဉ်းကြသွားတယ်။

ညပါးပြင်က ပျားရည်တစက်ကို
တပ်မက်မိတိုင်း 
ငြိမ်နေရင်း ငါ...
ခဏတိုင်း လဲကျတယ်
ဒဏ်ရာတွေထဲမှာ အသက်ရှု ရဲရတယ်။

မငြင်းဆန်ပါဘူးကွယ်
ပျားရည်ငတ်တဲ့ အရူးတကောင်မို့
ဒါဟာ.............
အာသီသလို့ ငြင်းမယ်
အာဟာရလို့ ငြင်းမယ်
ရုန်းရင်း ကန်ရင်း
ငြင်းရင်း ဆန်ရင်း
ညက အဆိပ်သင့်နေတာပါ
ညက လောင်စာမဲ့တောက်လောင်လွန်းတာပါ
ညက မြီးကောင်ပေါက်မလေးလို ဓါးထက်လွန်းတာပါ
နံနက်ခင်းတိုင်းကို
ပြတ်ရှရာတွေနဲ့ တန်ဆာဆင်လိုက်ရတယ်
ဓါးသွားပေါ်မှာ ပျားရည်မရှိခဲ့ဘူး ။

(ဦးသီ)

"တနင်္ဂနွေနတ်သမီးနဲ့ စီးချင်းထိုးပွဲ"

ငါးမရသရွေ့ ရေစိုမခံသူ
တံလျှပ်ရဲ့ အလှတရားတွေမြင်နေသေ၇ွ့
ရေလိုက်လွဲနေအုံးမယ်။

တကယ်တော့
ငါတို့က စွန်တွေ
မင်းကြိုးပေါ်မှာ ငါ
ငါ့ကြိုးပေါ်မှာ မင်း။

တနေ့က သတင်းစာမှာ
မှတ်ကျောက်လိုကြောင်း ဖတ်လိုက်ရ
ဖယောင်းက ရွှေကိုလား
ရွှေက ဖယောင်းကိုလား
မင်းက မင်းပီသဖို့
ငါက ငါပီသဖို့။

တကယ်ဆို ဘာမှကိုမလိုဘူး
ခေါင်းလွှဲဖို့ပဲလိုတယ်
မသိခြင်းတွေကို
မသိနိုင်တော့လောက်အောင်။

တယ်လီဖုန်းကြိုးတွေနဲ့ ချိတ်ဆက်ထားမှုက
လျော့ရဲရဲ နိုင်လွန်းလာတိုင်း
စိတ္တဇနမ်တွေ လေသလပ်ခံပေးရ။

သံယောဇဉ်နဲ့သာ ရေတိမ်နစ်စတမ်းဆို
မင်းလည်း သေ
ငါလည်း သေ။

အခု
ငါ့အထီးကျန်မှုရဲ့ အခုအခံ
တနင်္ဂနွေရဲ့နတ်သမီးနဲ့
သောကြာထောင့်မှာ စီးချင်းထိုးဖြစ်တယ်
နိုင်သူက ရှုံးသူကိုယူရုံပဲ။

(ဦးသီ)

"လွဲ"

အက္ခရာစဉ်လွဲခဲ့တာ
သက္ကရာဇ်တွေက
ခေါင်းညိမ့်ခေါင်းခါ ဖြေသွားကြတော့
အသက်ရှုနေရပုံက
လေထုထဲမှာ ကျောက်ခဲပါတယ်။

စကားလုံးတွေယုံကြည်မိခဲ့
တပတ်လည်လို့ပြောရဲ့
တကျော့ပြန်လို့ပြောရဲ့
မွန်းတည့်နေ အောက်မှာအရိပ်ကောက်/စောင့်မိတော့
ရေနဲ့ လွဲတယ်
တံလျှပ်နဲ့ လွဲတယ်။

တေ့လွဲလို့ သာသာထိုးထိုးမဆိုပါနဲ့
ကီးကြောင်သီချင်းထက် ဘာမှမပို
ကိုယ့်စိတ်ကိုယ် ဖွင့်မရတဲ့အထိသာပိတ်ပါ။

တနေ့မှာ
မင်းနဲ့လွဲတာကမ္ဘာနဲ့လွဲသလောက်ရှိတယ်ပြောမိရင်
ခြောက်ခြားထိတ်လန့်ခြင်းတွေနဲ့
ရင်ဘတ်တခုလုံး ရင်းနှီးကျွမ်းဝင်စွာ
တဒိတ်ဒိတ်မှသည် တဒိုင်းဒိုင်းဆီသို့
ဆုံးရှုံးခြင်း၏အခြားမရှိလို့ရေးတိုင်း
...မှတပါးလို့ ရေရွတ်နေလိုက်မယ်။

(ဦးသီ)


စကားလုံး တထောက်

ရင်ထဲမှာ
ဒီရေလို တလိပ်လိပ်တက်လာတိုင်း
ခံစားချက်တွေလေ
လေချိန်အတက်မှာ ပြန်မထွက်ဘူး။

ဇက်ချိုး ခေါင်းချိုးနဲ့
အမူးတွေမကျိုးတော့ဘူးဆိုတော့
ကိုယ့်ကိုကိုယ်မီးပိတ်
အိပ်ဖို့ပဲလိုတော့တယ်။

မင်းသိပ်မုန်းတဲ့
ဘာဂါလို
ငါတို့ကြားမှာ......
ဒဏ်ရာတွေခံနေရုံပါပဲ။

သိပ်ကြောက်ဖို့ကောင်းတယ်ကွယ်
စပါးလုံးတစ်ထောက် မနီးခဲ့တော့
စကားလုံးတထောက်မှာ
ငါ့ကိုယ်ငါ ပျောက်ရှပစ်ခဲ့ရ။

(ဦးသီ)

Wednesday, November 20, 2013

သူမနှင့်ညအား ဂျွမ်းပစ်ဝင်ခြင်းခဏ

အမှောင်မကြောက်သော်လည်း သူမ,မရှိသောညများအား စိုးရွံသူပီပီတဒင်္ဂအတွင်းအလျင်အမြန် ကြီးထွားလာနိုင်သော အလွမ်းများမှလက်သပ်မွေး သံယောဇဉ်အတိုအထွာများနှင့် နှလုံးသားအား ခတ်ယူရရှိလာသော မီးပွားဖြင့် ညအားလောင်မြိုက်စေခဲ့ရသည်။
ကျွန်တော့်စိတ်က သူမဟုဆိုလျှင် "ဒိန်း"ခနဲမြန်ကြောင်း အမုန်းတရားအား လက်ယဉ်သူ၏လက်တွင်ထုတ်ပယ်ခံရခြင်းလက်မှတ်အား ကျောသပ်ရင်သပ် နှင့်ပင် မြတ်နိုးတတ်နေမိသည်။
သူမနှင့်ကျွန်တော် စကားလုံးတွေ စုန်းမြူးမြူးတုန်းက အနီးဆုံးဖြစ်သည့် အိမ်မက်များ အဝေးဆုံးဖြစ်ရန်ပင်  ညဆိုသည်မှာ မည်ကာမတ္တ။
သူမအပြုံးနုနုလေးနဲ့ထိတွေ့လိုက်တိုင်း အတိတ်အနာဖေးတွေကသွေးသံတရဲရဲနှင့် ခဏလေးပဲဟု ထင်လိုက်သော်လည်း တဘဝစာပင်ကြာနိုင်သော ကိုယ့်ပေတံပင်မဖြောင့်သေးသော ကျွန်တော်က သူမပေတံအားဖြောင့်ပေးရင်း ကိုယ့်ရင်ခုန်သံအား ထီးဖြူဆောင်းပေးခဲ့ဖူးသည်။
ဘဝတွင် မေ့ပစ်ချင်သည်မှာ များလွန်းသောကြောင့် သူမ,မရှိတော့သောညအား အခါးသီးဆုံးဟု တံဆိပ်ကပ်ရင်း တစိမ့်စိမ့်စီးဝင်ခဲ့ဖူးသောအ၇ာများရင်ထဲတွင်တဝုန်းဝုန်းရိုက်ခတ်လာသော်အခါ ပင်လယ်အားကိုယ်ချင်းစာတတ်သော တံငါသည်တယောက်မှာ အချစ်ကိုပင်ချမ်းချမ်းသာသာ မသုံးစွဲခဲ့ဖူးအောင်ပင် မွဲ၏။
ဆေးဖက်ဝင်ရန် အရက်ကို ရင်ထဲပက်မသွင်းဘူးသူသည် အချစ်အား တန်ဖိုးထားတတ်ပါကြောင်း ကျော၇ရုံဟုဆိုပါလျှင်ရင်ဘတ်တခုလုံးသာလျှင် လိုချင်ပါသည်ဟု "ချစ်တယ်"ဆိုသော စကားလုံးခပ်ဖွဲဖွဲလေးကျပြရင်း ကိုယ့်ကိုကိုယ်အေးခဲပြခဲ့ပါသည်။
နွေမိုးဆောင်းသည်ရာသီဥတုဟု ဆိုပါလျှင် သူမဟုပင် အတိုကောက်မှတ်ထားရမည်ဖြစ်သော်လည်း ကိုယ့်အပြစ်ကို မီးထိုးရင်း ကိုယ်တိုင်ဆင်းစိမ်ရသည်မှာ ဆိုးဝါးလှသည်။
"သူမနှင့်မှ ဘဝကိုရေတိမ်နစ်ချင်ပါသည်" အချစ်နှင့်မွမ်းမံထားသော "ဘဝနေနည်းအနုပညာ"တွင် ယခုကျွန်တော်သည် အရိုင်းအစိုင်းတကောင်ပင်။
ကြာပြီဟု သတ်မှတ်မိတိုင်း မနေ့ကဆိုသော အတိုင်းအတာတွင် သူမအားအလျှင်အမြန်ထည့်ရန် ကျွန်တော့်သွေးက "ရဲ"သည် ကျွန်တော့်လက်က "မြဲ"သည်။
အရာအားလုံးအား နှင်းခဲအတိကဲ့သို့ပင် သဘောထားနိုင်သော်ငြား သူမရှင်သန်နေနိုင်ရင် နှလုံးသားသည် တဆတ်ဆတ်ခုန်ပေးကြောင်း သူမ၏ခပ်နွမ်းနွမ်း ပုံအဟောင်းများထဲတွင် စိတ်တခုလုံးဂျွမ်းပစ်ဝင်နေမိသည်။

            (ဦးသီ)

နားရွက်ကြားက ဆေးလိပ်တလိပ်
အိပ်ကပ်ထဲက ဟတ်တစ် တချပ်
ဦးထုတ်ထဲက ခိုဖြူတစ်ကောင်
အရာအားလုံးက မှင်နဲ့မောင်းနဲ့ 
ကိုယ်လုံးပြည့် လိမ်လည်မှုဆေးမင်ကြောင်တွေထိုးရင်း
ငါ့လက်တွေ ဝှေ့ယမ်းနေသရွေ့
ငါ့မျက်လုံးတွေ ကစားနေရမယ်
တစ်ပွဲပြီးရင် သက်ပြင်းတခါချရ
စိတ်နှလုံးလည်း မောရလွန်းတော့
ငါ့ကိုယ်ငါ မမြင်ရတဲ့အထိ ဖျောက်ပစ်ချင်တယ်
ကိုင်းးးးးးးးးးး ပျောက်စမ်းကွာာာာာ
"ဖျောက်"!!!!!!!........................
မမြင်ရရင် ဘာမှမရှိဘူး
ရှိနေသေးရင် အရူး
Going to somewhere that's belonged to me !

$#$%#

နှစ်ဦးကြားက သံယောဇဉ်က
ဈေးပေါင်ကျိုး ကန်စွမ်းပင်လေးလို
နေထိ လေထိေ၇ထိနဲ့
တအိအိ ပြိုကျပျက်သုန်း.............။

စကားလုံးတွေချည်းပါပဲ
အချစ်ပါးပါးတောင် မပေါက်ထည့်နိုင်တော့ဘူး
ချစ်ခြင်းတရားကို"ကျကျနန မသိခဲ့တော့
ကျကျနနနဲ့ ရှတတ အုပ်ချုပ်နေတာလား" ။

အချစ်နဲ့ ဂလဲ့စား
မင်း.......ဆေးမှားသောက်နေတာလား?
ငါ.........ဆေးမှားသောက်နေတာလား?
ခါးမှန်းသိကြပေမယ့်.....
အချိန်တိုင်း လေးတင်ထားတဲ့
မင်းစကားလုံးမြှားတွေအတွက်
မင်းလက်ရဲဖို့လိုသလို 
ငါဇက်ရဲဖို့လိုတယ်။

တစ်ယောက်စိတ်ကိုတစ်ယောက်
သူငယ်တန်းဖတ်စာလောက် ကျေညက်နားလည်မှ
တဖတ်ဖတ်(fuck) အော်ရတဲ့ဘဝက
ငါ ကျွတ်တမ်းဝင်ရမယ်။

တကယ်ပါပဲကွာ
အချစ်က မုန့်ဖတ်လိုပဲ
ကိုင်ထားတော့လည်း ပျော့ဖတ်ဖတ်
လွှင့်ပစ်မယ်လုပ်တော့ စေးကပ်ကပ်ဖတ်
(fuck)ပါပဲ $#%@$#

(ဦးသီ)